ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေရှ့်က ဝင်လာပြီး ပိုးတွေ့ထားသူ ၆ ဦးနဲ့ ထပ်ဆင့်ကူးစက်ခံရသူ ၁ ဦး ရှိနေပါတယ်။

ဒီနေ့ ဇွန်လ ၁၈ ရက်မနက် ၈ နာရီထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ပိုးတွေ့လူနာအမှတ် ၂၆၃ ဟာ ဘင်္ဂလားဒေရှ့်ကဝင်လာသူလူနာအမှတ် ၂၆၂ ရဲ့ သမီးတော်စပ်သူဖြစ်တယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်ထံကနေ သိရပါတယ်။

လူနာအမှတ် ၂၆၂ ဟာ အသက် ၆၃ နှစ်အရွယ်ရှိပြီး မေလ ၂၉ ရက်တုန်းက ဘင်္ဂလားဒေရှ့်နိုင်ငံထဲကနေ ရခိုင်ပြည်နယ်ထဲ ပြန်လည်ဝင်ရောက်လာကာ နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားရင်းက ရောဂါပိုးတွေ့ရှိထားခဲ့တာပါ။



လူနာအမှတ် ၂၆၂ မှာ ရောဂါပိုးတွေ့ရှိပြီးတဲ့နောက် မိသားစုတွေအပါအဝင် သူနဲ့ထိတွေ့ဆက်စပ်ခဲ့သူ ၂၄ ဦးကို အသွားအလာကန့်သတ်ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူ လူနာအမှတ် ၂၆၃ မှာ ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က Duwun ကိုပြောပါတယ်။

“ လူနာအမှတ် ၂၆၂ က ဘင်္ဂလားဒေရှ့်ကဝင်လာတာကို ကျွန်တော်တို့ကို ငြင်းတယ်။ အဲဒီလို ငြင်းတော့ သူ့ကို ကျွန်တော်တို့က သူ့အိမ်မှာပဲ နေအိမ်ကွာရန်တင်းအရင်လုပ်ပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ပို့လိုက်တာ။ ပို့ပြီးတဲ့အထိ ဝန်မခံဘူး။ Positive ထွက်လာတော့ သူ့မိသားစုကို ချော့မေးတော့မှ ဟုတ်တယ်ဆိုပြီးပြောတယ်။ အဲဒီကနေ သူ့မိသားစုတွေနဲ့ ထိတွေ့ခဲ့သူတွေကို ကွာရန်တင်းထပ်လုပ်ပြီး ပိုးစစ်တော့မှ သူ့သမီး လူနာအမှတ် ၂၆၃ မှာ ပိုးထပ်တွေ့တာပါ” လို့ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ရှင်းပြပါတယ်။

မေလကုန်ပိုင်းလောက်ကနေ ဒီနေ့ ဇွန်လ ၁၈ ရက်အထိ ဘင်္ဂလားဒေရှ့်ကနေ ရခိုင်ပြည်နယ်ထဲ ပြန်လည်ဝင်ရောက်လာသူ ၁၈ ဦးအထိ ရှိနေပြီး အဲဒီထဲကမှ ပိုးတွေ့ရှိထားသူ ၆ ဦးနဲ့ ထပ်ဆင့်ကူးစက်ခံရသူ ၁ ဦး (လူနာအမှတ် ၂၆၃ ) ရှိနေတယ်လို့လည်းသိရပါတယ်။

လက်ရှိပိုးတွေ့ထားတဲ့ လူနာ (၇) ဦးစလုံးကိုတော့ မောင်တောခရိုင်ပြည်သူ့ဆေးရုံနဲ့ ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံတို့မှာ ဆေးကုသမှုပေးနေပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့လည်း အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က Duwun ကိုပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲကို ဘင်္ဂလားဒေရှ့်နိုင်ငံကနေ ပြန်လည်ခိုးဝင်လာသူတွေကို စိစစ်နေပြီး အသွားအလာကန့်သတ်ထားကာ ရောဂါပိုးရှိမရှိ ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ပေးနေတယ်လို့လည်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးထံကနေသိရပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က