လူနာအမှတ် ၃၃၉ ကတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ပထမဆုံး ပိုးတွေ့ရှိခဲ့သူဖြစ်ပါတယ်။

ဒီနေ့ည ၈ နာရီထုတ်ပြန်ချက်အရ ပြည်ပခရီးသွားရာဇဝင်လည်းမရှိ၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ခြင်းမရှိတဲ့ လူနာအမှတ် ၃၃၉ ဟာ ဘင်္ဂလားဒေရှ့် ပြန်ဝင်လာသူကို မော်တော်ဘု တ်နဲ့သွားရောက်ခေါ်ဆောင်ခဲ့သူ ဖြစ်တယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာသန်းထွန်းဦးက Duwun ကို အတည်ပြုပြောပါတယ်။

လူနာအမှတ် ၃၃၉ နဲ့ အဖော်တစ်ဦးဖြစ်သူတို့ဟာ ဘင်္ဂလားဒေရှ့်ကပြန်လာသူတစ်ဦးကို ဇွန်လ ၂၅ ရက်က သွားရောက်ခေါ်ဆောင်ခဲ့ပြီးနောက် လူနာအမှတ် ၃၃၉ အပါအဝင် ၃ ဦးဟာ ကျောက်တော်မြို့နယ်မှာ ဇွန်လ ၂၆ ရက်ကစပြီး ကွာရန်တင်းဝင်နေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူတို့ ၃ ဦးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ လူနာအမှတ် ၃၃၉ မှာ COVID-19 ပိုးတွေ့ခဲ့ရပြီး ကျန်နှစ်ဦးမှာတော့ ရောဂါပိုးမတွေ့ခဲ့ရဘူးလို့ ဒေါက်တာသန်းထွန်းဦးက ဆိုပါတယ်။



“သူနဲ့ ဆက်စပ်ထိတွေ့သူတွေက မော်တော်ဘုတ်နဲ့သွားခေါ်တုန်းကပါသွားတဲ့ အဖော်တစ်ဦးနဲ့ ဘင်္ဂလားဒေရှ့်က ဝင်လာသူတစ်ဦးပဲ ရှိတယ်။ သူမော်တော်ဘုတ်နဲ့သွားခေါ်တုန်းကလည်း သူတို့ ၃ ဦးပဲရှိတယ်လို့တော့ ပြောပါတယ်။ အဲဒီတော့ ဒီနှစ်ယောက်ကို ကျွန်တော်တို့ ထပ်ပြီး ဓာတ်ခွဲနမူနာစစ်ဆေးဖို့ လုပ်မှာပါ။ ထပ်ပြီးတော့ ထိတွေ့သူတွေကိုလည်း ဆက်စုံစမ်းသွားရဦးမှာပါ“ လို့ ဒေါက်တာသန်းထွန်းဦးက Duwun ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်သူအဖြစ် ဘင်္ဂလာဒေးရှ့်ကပြန်လာသူ ဖခင်ထံကနေ ပိုးကူးခဲ့တဲ့ မောင်တောက လူနာအမှတ် ၂၆၃ ပြီးရင် တစ်လနီးပါးအကြာ နောက်ထပ် ပြည်တွင်းကူးစက်သူတစ်ဦးကို ထပ်မံတွေ့ရှိရတာပါ။ အခု ပိုးတွေ့ခဲ့တဲ့ လူနာအမှတ် ၃၃၉ ကတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ပထမဆုံး ပိုးတွေ့ရှိခဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။

လက်ရှိ ကျောက်တောမြို့နယ်မှာတော့ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ ၇၀ ကျော်ရှိနေပြီး ဘင်္ဂလားဒေရှ့် ပြန်လာသူတစ်ဦးသာ ရှိတယ်လို့လည်းသိရပါတယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေရှ့်ကဝင်လာသူတွေထဲက ဒီကနေ့ ည ၈ နာရီထုတ်ပြန်ချက်အရ COVID-19 ပိုးတွေ့လူနာ ၁၅ ဦးရှိခဲ့တဲ့အနက် ၈ ဦးမှာ ရောဂါပြန်လည်ပျောက်ကင်းသွားခဲ့ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က