လူနာနဲ့ ဆက်စပ်ထိတွေ့သူ ၁၅ ဦးကို ဓာတ်ခွဲစစ်ဆေးမှာပါ။

အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့ခြင်းမရှိ၊ ပြည်ပခရီးသွားရာဇဝင်လည်း မရှိတဲ့ မြောက်ဥက္ကလာပမြို့နယ်က ပိုးတွေ့လူနာအမှတ် (၇၄၁) ဟာ ရန်ကုန်လေဆိပ် လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး တာဝန်ချိန်အတွင်းဖျားနာလို့ ဆေးခန်းပြရာကနေ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပိုးတွေ့ခဲ့တဲ့ လေဆိပ်လုံခြုံရေးဝန်ထမ်းမှာ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူဟာ သြဂုတ်လ ၂၇ ရက်က တာဝန်ချိန်အတွင်း ဖျားနာလို့ လေဆိပ်က ဆေးခန်းကို သွားပြရာကနေ သံသယလက္ခဏာ တွေ့ရှိခဲ့လို့ အင်းစိန်ဆေးရုံကို စောင့်ကြည့်လူနာအဖြစ် ပို့ဆောင်ကုသခဲ့တာပါ။ အဲဒီနောက် ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ သြဂုတ်လ ၃၀ ရက်မနက်မှာ ပိုးတွေ့လူနာအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။



“ သူက လေဆိပ်မှာ ၂၇ ရက်နေ့ကစပြီး ဂျူတီပြန်ဆင်းတယ်။ အဲဒီနေ့မှာပဲ ဖျားတယ်ပေါ့နော်။ ၂၇ ရက်နောက်ပိုင်းတော့ သူက ဆေးရုံမှာပဲ စောင့်ကြည့်နေရင်း ပိုးတွေ့ခဲ့တာပါ။ လူနာက လေဆိပ်ဝန်ထမ်းဖြစ်တော့ ကယ်ဆယ်ရေးလေယာဉ်က ပြန်လာသူတွေနဲ့ ထိတွေ့နိုင်တယ်။ နောက် ရခိုင်ပြည်နယ်က လေကြောင်းလိုင်းကတစ်ဆင့် ဝင်လာသူတွေနဲ့ ဆက်စပ်ထိတွေ့နိုင်တာပေါ့။ “ လို့ မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က Duwun ကိုပြောပါတယ်။

လူနာအမှတ် ၇၄၁ ဟာ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရား အနီးနေထိုင်သူဖြစ်ပြီး လူနာနေထိုင်ရာ လမ်းကို ပိုးသတ်ဆေးဖြန်းထားကာ လူနာရဲ့ မိသားစုတွေအပါအဝင် အနီးကပ်ဆက်စပ်ထိတွေ့သူ(၁၅) ဦးကိုလည်း ကွာရန်တင်းစင်တာကို ပို့ဆောင်လိုက်ပြီလို့သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ သြဂုတ်လ ၃၀ ရက် မနက်ပိုင်းထုတ်ပြန်ချက် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁၆) ဦးရှိခဲ့တဲ့အနက် ရန်ကုန်တိုင်းဒေသကြီးက (၄) ဦးပါဝင်ခဲ့ရာ ကူးစက်မှုရာဇဝင်မသိဘဲ ပိုးတွေ့ခဲ့တဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လူနာ (၄) ဦးဟာ အင်းစိန်မြို့နယ်က (၃) ဦးနဲ့ မြောက်ဥက္ကလာက (၁) ဦးတို့ ဖြစ်ပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ခြင်းမရှိ၊ ပြည်ပခရီးသွားရာဇဝင်လည်းမရှိသလို ရောဂါဖြစ်ပွားရာ ရခိုင်ပြည်နယ်တွင်းက ဒေသတွေကို သွားရောက်ခဲ့တာမရှိဘူးလို့လည်း ဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က