မေလ ၁၃ ရက်က နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်တာ ရက်ပြည့်သွားပါပြီ
Mi Thawdar Aung

မြန်မာနိုင်ငံရဲ့ ပထမဆုံး COVID-19 ရောဂါဖြစ်ပွားသူ လူနာအမှတ် (၁) အမျိုးသားဟာ ဆေးရုံကဆင်းပြီး နေအိမ်အသွားအလာကန့်သတ်စောင့်ကြည့်တဲ့ရက် ပြည့်သွားခဲ့လို့ အခုတော့ ပုံမှန်သွားလာခွင့်ရသွားပြီလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်းလွန်မင်းထန်က Duwun ကိုပြောပါတယ်။

ချင်းပြည်နယ်တီးတိန်မြို့က အသက် ၃၆ နှစ်အရွယ် အမျိုးသားဟာ အမေရိကန်နိုင်ငံက နေ ပြန်လာပြီးတဲ့နောက် COVID-19 ရောဂါကူးစက်ခံရသူ လူနာအမှတ် (၁) အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့မှာ အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ ဆေးကုသမှုခံယူခဲ့ပြီး Negative နှစ်ကြိမ်ပြခဲ့ပြီးနောက် ဧပြီလ ၃၀ ရက်နေ့မှာ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ဆေးရုံက ဆင်းခဲ့ပြီးတဲ့နောက် ဟိုတယ်တစ်ခုမှာကွာရန်တင်းနေဖို့ စီစဉ်ခဲ့ပေမယ့် အဆင်မပြေတာကြောင့်ဆွေမျိုးသားချင်းရဲ့ နေအိမ်တစ်အိမ်မှာ နှစ်ပတ်ကြာအသွားအလာကန့်သတ်စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

မေလ ၁၃ ရက်နေ့က နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်တာနှစ်ပတ်ပြည့်သွားခဲ့တာကြောင့် ဒီကနေ့ မေလ ၁၄ ရက်ကစပြီး သူဟာ ပုံမှန်အတိုင်းပြန်လည်သွားလာခွင့်ရသွားတာလို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်းလွန်မင်းထန်က ဆိုပါတယ်။ “ ကျန်းမာရေးလည်းပုံမှန်ကောင်းနေတယ်။အသွားအလာကန့်သတ်စောင့်ကြည့်တာတွေလည်း ပြီးသွားတော့ သူဟာ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားပြီပေါ့” လို့ဦးပေါင်းလွန်မင်းထန်က Duwun ကိုပြောပါတယ်။

ချင်းပြည်နယ်မှာ အတည်ပြုလူနာ (၆) ဦးရှိနေတဲ့အနက် တီးတိန်မြို့ လူနာအမှတ် (၁) ကလည်း ရောဂါပျောက်ကင်းသွားသလို ဟားခါးမြို့ က လူနာအမှတ် (၁၅၀) အမျိုးသမီးမှာလည်း နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မေလ ၁၃ ရက် က ကြေညာထားပါတယ်။ ကျန်ရှိတဲ့ အတည်ပြုလူနာ (၄) ဦးမှာတော့ တီးတိန်ပြည်သူ့ဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေဆဲဖြစ်ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က