ပိုးတွေ့လူနာရဲ့လက်ရှိကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်နေတယ်လို့သိရပါတယ်။

မန္တလေးက Covid-19 အတည်ပြုလူနာ နံပါတ် ၈၂ နဲ့ ဆက်စပ်တဲ့မိသားစုဝင် ၇ ဦးအပါအဝင် ထိတွေ့ဆက်ဆံခဲ့သူ ၂၁ ဦးရဲ့ကျန်းမာရေးအခြေအနေကကောင်းမွန်နေပြီး ဆေးစစ်ချက်အဖြေအရလည်း Negative ဖြစ်နေတယ်လို့သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဧပြီလ ၁၆ ရက်နေ့သတင်းထုတ်ပြန်ချက်အရ မန္တလေး အောင်မြေသာစံမြို့နယ် မေဃဂီရိ ရပ်ကွက်၊ ၁၈ လမ်း၊ ၈၂ လမ်းနဲ့ ၈၃ လမ်းကြားက အသက် ၃၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး Covid-19 ရောဂါကူးစက်ခံရကြောင်းသိရှိရပြီးတဲ့နောက်မှာတော့ ဆက်စပ်မိသားစုဝင်တွေအပါအဝင် ထိတွေ့ဆက်ဆံခဲ့သူတွေကို ကန်တော်နဒီဆေးရုံမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆေးစစ်ချက်ပြုလုပ်သူ ၂၁ ဦးလုံးဟာ Negative အဖြေထွက်ရှိခဲ့တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် အောင်မြေသာစံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။



" ဒီ case 82 နဲ့ အနီးကပ် ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေကိုတော့ Facility Quarantine ထားမယ်လို့ လူကြီးတွေ ဆုံးဖြတ်ကြတယ်။ ဒုတိယအကြိမ် ထပ်စစ်လို့ Negative ထပ်ထွက်မယ်ဆိုရင်တော့ Quarantine အပြီးမှာ အိမ်ပြန်ရမယ်။ ဒါပေမယ့် တိုက်ရိုက်ထိတွေ့ခဲ့တဲ့သူမဟုတ်တဲ့ ကျန်းမာရေးက ဆရာမတွေ၊ အုပ်ချုပ်ရေးမှူး နဲ့ ကျန်တဲ့သူတွေကိုတော့

သူတို့ရဲ့ သဘောဆန္ဒကို မေးပြီးတော့ Home Quarantine ပြန်ထားမယ်ပေါ့။ Home Quarantine ကို နောက်ထပ် ၁၄ ရက် ပြန်ထားမယ်လို့ လောလောဆယ် တာဝန်ရှိသူတွေက ပြောပါတယ်။" လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် အောင်မြေသာစံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်ကျော် က Duwun ကိုပြောပါတယ်။

ဆေးစစ်ချက်ဟာ နှစ်ကြိမ်မြောက် Negative ထွက်ရှိမှသာ ရောဂါပိုးမရှိတော့ဘူးလို့ သေချာပေါက်ပြောနိုင်မှာ ဖြစ်တဲ့အတွက် ဒီ ၂၁ ဦးလုံးဟာ နောက်ထပ်တစ်ကြိမ် ဆေးစစ်မှုခံယူကြရဦးမှာ ဖြစ်မှာတယ်။ ဆေးစစ်ချက်အဖြေကောင်းမွန်ခဲ့မယ်ဆိုရင်လည်း နောက်ထပ် Quarantine ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

မန္တလေး အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက် ၁၈ လမ်း၊ ၈၂ လမ်းနဲ့ ၈၃ လမ်းကြားနေသူ အသက် ၃၈ နှစ်အရွယ် မခင်သွယ်သွယ်ထွန်းဟာ တူရကီနိုင်ငံကနေ ပြန်ရောက်လာပြီး ရန်ကုန်မှာ ၁၄ ရက်စောင့်ကြည့်ခံပြီးမှ မန္တလေးမြို့နေအိမ်ဆီပြန်ရောက်လာရာကနေ သံသယလက္ခဏာပေါ်လာတဲ့အတွက် နဒီမြန်မာဟိုတယ်မှာ Hotel Quarantine ခံယူရင်း ရောဂါးပိုးတွေ့စာရင်းထဲပါရှိလာတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံတွင်းရောဂါပိုးကူးစက်သူ ၉၄ ဦးရှိတဲ့အနက် မန္တလေးမှာ အတည်ပြု လူနာ ၂ ဦးရှိခဲ့ကာ တစ်ဦးကတော့ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ပြီး လက်ရှိလူနာဟာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က