လူနာရဲ့ နေအိမ်ကိုတော့ Lock Down ဆက်လုပ်သွားမှာပါ။
Ei Ei Htun

မြန်မာနိုင်ငံမှာ COVID 19 ရောဂါစတင်ကူးစက်ခံစားခဲ့ရတဲ့ တီးတိန်က လူနာ နံပါတ်(၁)က ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ဒီနေ့ပဲ ဆေးရုံက ဆင်းခွင့်ရတော့မှာဖြစ်ပါတယ်။ 

လူနာနံပါတ်(၁)က တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာမှာ နေထိုင်သူဖြစ်ပြီး သူ့မှာ ရောဂါပိုးစတင်တွေ့ရှိစဉ်ကတည်းက ယနေ့ထိရွာကို lock down လုပ်ထားတာပါ။

လက်ရှိမှာ လူနာလည်းကျန်းမာရေးကောင်းမွန်ကာ ဆေးရုံကဆင်းခွင့်ရပြီဖြစ်လို့ ကျေးရွာကိုလည်း lock down ဖြည်ဖို့ တစ်ပတ်အတွင်း လုပ်ဆောင်သွားမယ်လို့ ချင်းပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဦးပူပေါင်းလွန်းမင့်ထန်က Duwun ကိုပြောပါတယ်။

“ မနေ့က အစည်းအဝေးမှာ ကျွန်တော်တို့ရွာကို lock down ဖြည်ဖို့ဆွေးနွေးထားပါတယ်။ တစ်ရွာလုံးကို lock downဖြည်ပြီး လူနာရဲ့ နေအိမ်ကိုတော့ lock downချထားအုံးမှာပါ။ အခုထိတော့ဆုံးဖြတ်ချက်ချထားတာမျိုး မဟုတ်ဘဲ အမျိုးသားကော်မတီကိုတင်ပြထားတယ်ဆိုတော့ တစ်ပတ်အတွင်းဆောင်ရွက်နိုင်မှာပါ။ လူနာကလည်း ဒီနေ့ဆေးရုံကဆင်းပြီးတော့ Hotel Quarantine အနေနဲ့ (၁၄)ရက်ထပ်နေရအုံးမှာ ရွာကို တန်းမပြန်သေးပါဘူး" လို့ ဦးပူပေါင်းလွန်းမင့်ထန်က ပြောပါတယ်။ 

လူနာနံပါတ် (၁)က ရောဂါစတင်ကူးစက်ခံရစဉ်ကတည်းက ရောဂါလက္ခဏာတွေမခံစားရဘဲ ကျန်းမာရေးကောင်းမွန်လျှက်ရှိပြီး ဆေးစစ်ချက် (၆)ကြိမ်ဆက်တိုက် positive ပြခဲ့တာကြောင့် စိုးရိမ်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ လူနာနံပါတ်(၁)က ရောဂါလုံးဝပျောက်ကင်းသွားပြီး သူကနေတစ်ဆင့် ကူးစက်ခံထားရတဲ့ သူ့ရဲ့မိခင်ကတော့ ဆေးကုသမှုဆက်လက်ခံယူနေကာ ခြေထောက်ယောင်နေတာကလွဲလို့ ကျန်တဲ့ကျန်းမာရေးအားလုံးကောင်းမွန်တယ်လို့ ဦးပူပေါင်းလွန်းမင့်ထန်က ပြောပါတယ်။

လူနာနံပါတ်(၁)က အမေရိကန်မှာ Green Card ဖြင့်နေထိုင်သူဖြစ်ပြီး မင်္ဂဆောင်အတွက် တီးတိန်ကိုပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။ 

မတ်လ(၂၁)ရက်နေ့မှာ ကိုယ်အပူချိန်မြင့်ပြီး ဖျားနာခဲ့လို့ တီးတိန်ပြည်သူ့ဆေးရုံမှာ စောင့်ကြည့်လူနအဖြစ် ကုသမှုခံယူနေစဉ် မတ်လ(၂၃)ရက်နေ့မှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ COVID 19 အတည်ပြုလူနာဖြစ်လာခဲ့သူပါ။

လက်ရှိမြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၁၅၀)ဦးရှိပြီး သေဆုံးသူ (၆)ဦးနဲ့ ပြန်လည်ကောင်းမွန်လာသူ (၂၇)ဦးထိရှိနေပါပြီ။ 


ဆက်စပ်အကြောင်းအရာများ


က္က