ဖားကန့်မြေပြိုကျမှုဖြစ်စဉ်တွေထဲမှာ လူသေဆုံးမှု အများဆုံးဖြစ်စဉ် တစ်ခုအဖြစ် စံချိန်တင်ခဲ့ပါတယ်။
Mi Thawdar Aung

လူပေါင်းရာနဲ့ချီသေဆုံးခဲ့ရတဲ့ ဖားကန့် မြေပြိုမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဟာ ဒီကနေ့ ဇူလိုင်လ ၅ ရက်မနက်ပိုင်းမှာ အခင်းဖြစ်နေရာကို လာရောက်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးစတင်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ဥက္ကဌ အဖြစ် ဦးဆောင်ကာ ပြည်ထဲရေးဝန်ကြီး၊ လူကယ်ပြန်ဝန်ကြီး နဲ ကချင်ပြည်နယ်ဝန်ကြီးချုပ် အစိုးရအဖွဲ့ဝင်တွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စု ဝှေခါကျေးရွာ ကျောက်စိမ်းလုပ်ကွက်အတွင်းဖြစ်ပွားခဲ့တဲ့ မြေစာပုံပြိုကျမှုမှာ ကနဦးအခြေအနေတွေကို စိစစ်လေ့လာနိုင်အောင်နဲ့ ပံ့ပိုးကူညီပေးနိုင်အောင် ဒီကနေ့မနက်ပိုင်းမှာ စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာပါ။

Photo- MSRS ( ဒဏ်ရာရသူများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ သွားရောက်ကြည့်ရှုစဉ်။ )

" ဒီနေ့ မနက်ကိုးနာရီလောက်က လာသွားတယ်။ စစ်ဆေးမှုက ဆယ့်တစ်နာရီလောက်မှာ ပြီးသွားပါတယ်။ အဓိကက မြေပြိုပြီး လူသေဆုံးမှုဖြစ်ခဲ့တဲ့ နေရာကိုလာကြည့်တယ်။  

ကျွန်တော်တို့ကို ရွာရဲ့ အခြေအနေ၊ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ မေးမြန်းသွားပါတယ်။ ဘယ်နှစ်ရက်ကြာအထိ စစ်ဆေးမလဲဆိုတာတော့ မသိရပါဘူး။ ဆေးရုံမှာလည်း ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကို သွားပြီး ကြည့်ရှုတယ်လို့လည်း သိရပါတယ်" ဝှေခါကျေးရွာအုပ်ချုပ်ရေးတာဝန်ခံ ဦးကျော်မင်းက Duwun ကိုပြောပါတယ်။

စုံစမ်းရေးအဖွဲ့ အနေနဲ့ မြေပြိုကျခဲ့တဲ့အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရန်၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူအဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်ရန်၊ သေဆုံးသူများနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ထောက်ပံ့ကူညီမှုများပေးရန်၊ နောင်မှာ ဒီလိုဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် လုံခြုံရေးအပါအဝင် ဆောင်ရွက်ရမယ့်ကိစ္စတွေကို အကြံပြုတင်ပြရန် တို့ကို လုပ်ဆောင်ရမယ်လို့ နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၃ ရက်က ကြေညာထားပါတယ်။ ဒါ့အပြင် ဒီမြေပြိုကျမှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးကို အမြန်ဆုံးတင်ပြရမှာဖြစ်ပါတယ်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ ကျောက်စိမ်းလုပ်ကွက်အတွင်း ဇူလိုင်လ ၂ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မိုးကြီးမြေပြိုမှုတွေကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၇၄ ဦး ရေနစ်သေဆုံးတာတွေ၊ မြေပိသေဆုံးတာတွေ ဖြစ်ခဲ့ပြီး ၅၄ ဦးဒဏ်ရာရရှိခဲ့တာပါ။ လက်ရှိမှာ သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရရှိသူတွေအတွက် ထောက်ပံ့ကြေးငွေ သိန်း ၁၆၀၀ ကျော်ရရှိထားတယ်လို့လည်း ဝှေခါကျေးရွာအုပ်ချုပ်ရေးတာဝန်ခံကနေသိရပါတယ်။




Author


က္က