သတင်းအမှားတင်သူတွေကို အရေးယူဖို့ခက်ခဲနေ
Mi Thawdar Aung

လူပျောက်ဆုံးခြင်းများရှိပါက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ Hot Line ဖုန်းနံပါတ်တွေဖြစ်တဲ့ 09-49555666 , 0949555777, 0949555888 နဲ့ 0949555999 တို့ကို တိုက်ရိုက်ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့လည်း သိရပါတယ်။

လူကုန်ကူးခံရသူ ဒဂုံတက္ကသိုလ်ကျောင်းသား အစ်ကိုဖြစ်သူအကူအညီနဲ့ ပြန်လည်လွတ်မြောက်လာ

လတ်တလော လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လူပျောက်ကြော်ငြာပို့စ်တွေနဲ့ ပတ်သက်ပြီး သတင်းအမှန်တွေလည်း ရှိသလို သတင်းအမှားတွေလည်း ရှိတာကြောင့် ချင့်ချိန်ယုံကြဖို့ ရန်ကုန်တိုင်းလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။

လူပျောက်တိုင်ကြားပြီးနောက် ပြန်တွေ့ခဲ့တယ်ဆိုရင် အမှုဖွင့်ထားတဲ့ ရဲစခန်းကို အကြောင်းကြားရမှာ ဖြစ်သလို လူမှုကွန်ရက်မှာ ပို့စ်တင်ထားခဲ့ရင်လည်း ပြန်တွေ့ပြီဆိုတဲ့အကြောင်း ပြန်လည်ရှင်းလင်းသင့်တယ်လို့ ရန်ကုန်တိုင်းလူကုန်တားရဲတပ်ဖွဲ့မှ ဒုရဲမှူး ဝေလွင်က Duwun ကိုပြောပါတယ်။

“ အဓိကကတော့ ပို့စ်တင်လိုက်တဲ့သူက လူပြန်တွေ့ပြီဆိုရင် ပို့စ်ကို ပြန်ဖျက်ဖို့ တာဝန်ရှိတယ်။ သက်ဆိုင်ရာ ရဲစခန်းကိုလည်း အကြောင်းကြားပေါ့။ ဒါမှလည်းရဲစခန်းကနေ သက်ဆိုင်ရာ တိုင်းဒေသကြီးက တခြားရဲစခန်းတွေကို ပြန်ရှာတွေ့ပြီဆိုတဲ့အကြောင်း တင်ပြရတယ်” လို့ ဒုရဲမှူးဝေလွင်က ဆိုပါတယ်။

ပတ်ဝန်းကျင်မှာ ဖြစ်ဖြစ်၊ မိသားစုဝင်ထဲမှာ ဖြစ်ဖြစ် လူပျောက်ဆုံးခြင်းများရှိပါက လုပ်ဆောင်ရမယ့်အချက်တွေကို လူကုန်တားရဲတပ်ဖွဲ့ကနေ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပညာပေးဆောင်ရွက်တာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ 

“ လူပျောက်ရင် ဘာတွေ ဆောင်ရွက်ရမလဲဆိုတာတွေကို ဟောပြောပွဲတွေလုပ်တယ်။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးလုပ်ငန်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရပ်ကျေးစောင့်ကြပ်ရေးအနေနဲ့ လည်းပါဝင်တယ်။ သူတို့တွေကနေ ပြည်သူတွေကို ပညာပေးရင် လူတွေလည်း စိုးရိမ်စိတ်တွေ လျော့သွားမှာပေါ့” လို့ ဒုရဲမှူးဝေလွင်က ဆက်ပြောပါတယ်။ 

လက်ရှိ လူမှုကွန်ရက်ပေါ်မှာ လူပျောက်ကြော်ငြာတွေနဲ့ ပတ်သက်ပြီး သတင်းအမှားတင်နေတယ်ဆိုတဲ့အပေါ် စိစစ်ထောက်ပြဖို့ ခက်ခဲနေပြီး အရေးယူဖို့လည်း မရှိဘူးလို့ ရန်ကုန်တိုင်းလူကုန်တားရဲတပ်ဖွဲ့ကနေ သိရပါတယ်။

“ ဒါတွေက သတင်းအမှားပါဆိုပြီး ထောက်ပြနိုင်တဲ့သူရှိရင်လည်းတစ်မျိုးပေါ့။ ဒီဘက်ကလည်း အရေးယူဖို့ခက်ခဲပါတယ်။ အခုလည်းလူပျောက်တာအမှန်တကယ်မဟုတ်ဘဲ လာရောက်တိုင်ကြားတဲ့ ဖြစ်စဉ်မျိုးမရှိသေးပါဘူး” လို့ ရန်ကုန်တိုင်းလူကုန်တားရဲတပ်ဖွဲ့မှ ဒုရဲမှူး ဝေလွင်က Duwun ကိုပြောပါတယ်။

၂၀၁၉ ခုနှစ်အတွင်း အောက်တိုဘာလအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တဲ့ လူကုန်ကူးမှုစာရင်းမှာ ၁၈ မှု ရှိခဲ့ပြီး တရားခံ ၅၄ ဦးနဲ့ လူကုန်ကူးခံရသူပေါင်း ၂၂ ဦးရှိခဲ့ကာ ရန်ကုန်တိုင်းမှာ ဖြစ်ပွားမှု အများဆုံးရှိခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


က္က