လုပ်သားရှားပါးလို့ ပွဲစားကတစ်ဆင့် ရှာဖွေနေရတယ်လို့ဆို
Mi Thawdar Aung

ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း လုပ်ကြတဲ့ ကျားဖောင်တွေပေါ်မှာ ဖောင်ဦးစီးတွေက လုပ်သားတွေကိုနှိပ်စက်နေမှုတွေဟာ ပပျောက်သွားဦးမှာ မဟုတ်ဘဲ တဖြည်းဖြည်းတော့လျော့ပါးသွားအောင် လုပ်သွားမယ်လို့ ပင်လယ်ကျားပိုက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသံချောင်းက ပြောလိုက်ပါတယ်။

Photo- ကျားပိုက်လုပ်ငန်းရှင်များနဲ့ မီဒီယာများတွေ့ဆုံပွဲ

ဖောင်တစ်ဖောင်ပေါ်မှာ ဦးစီး (၁) ယောက်နဲ့ လုပ်သား (၂) ယောက်နေရပြီး တစ်ဦးနဲ့ တစ်ဦး စိတ်အခန့်မသင့်တာကနေ ညှင်းပန်းနှိပ်စက်မှုတွေ ရှိခဲ့ပြီး လုပ်သားတွေကလည်း ဖောင်ဦးစီးချုပ်တွေကို သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ယောကျာၤးချင်း ပင်လယ်ပြင်မှာ နေကြတာ အခန့်မသင့်ဘဲ တစ်ယောက်နဲ့ တစ်ယောက်ထိုးကြနှက်ကြတာတွေ ရှိပါတယ်။ လုပ်သား (၂) ယောက်က ဦးစီးကိုသတ်ပြီး ခဲဆွဲရေထဲကို ချခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ သို့သော်လည်း ရေလုပ်သားတွေက ခံရတဲ့ဖြစ်စဉ်မျိုးတွေပဲ ဖော်ပြနေကြတာတွေ့ရပါတယ်” လို့ ဦးသံချောင်းက ဆိုပါတယ်။

ဖျာပုံမြို့နယ်မှာ ငါးဖမ်းရာသီရောက်ပြီဆိုရင် လုပ်သားတွေ ရှားပါးမှုကြောင့် တရားမဝင်ပွဲစားတွေကတစ်ဆင့် လူအဌားခေါ်ခိုင်းရတာမျိုးလုပ်နေရတာမျိုးတွေက ဥပဒေနဲ့ မညီဘူးဆိုတာ သိနေပေမယ့် လုပ်ငန်းလိုအပ်ချက် အရ ထိထိရောက်ရောက်တားဆီးနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

“ ဥပဒေနဲ့ မညီဘူးဆိုတာ သိပါတယ်။ လူစုပေးတဲ့ ပွဲစားတွေကို ကျွန်တော်တို့က တရားဝင် လိုင်စင်ဖြစ်အောင် သက်ဆိုင်ရာကို တင်ပြမယ်။ ဖောင်ပေါ်မှာ နှိပ်စက်မှုတွေကိုလည်း တဖြည်းဖြည်းလျော့နည်းသွားအောင် စာချုပ်မူတမ်းတွေလုပ်နေတယ်။ ဒီဒေသက ဓလေ့နဲ့ ကိုက်ညီမှုရှိအောင် လုပ်သွားမှာပါ” လို့ ဥက္ကဌ ဦးသံချောင်းကဆိုပါတယ်။

ကျားဖောင်လုပ်ငန်းရှင်တွေအနေနဲ့ကတော့ ဖောင်တွေပေါ်မှာ ညှင်းပန်းနှိပ်စက်မှုတွေလုပ်ဖို့ ညွှန်ကြားထားတာမျိုးမရှိဘူးလို့ ငြင်းဆိုနေကြသလို အာဟာရမလုံလောက်မှု၊ လုပ်ခလစာ အပြည့်အဝမရရှိမှုဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ မဟုတ်ကြောင်း ပြောဆိုမှုတွေ ရှိပါတယ်။

“ သူတို့က ကာယလုပ်သားတွေ။ သူတို့ ၀၀လင်လင်စားနိုင်မှ ကျွန်တော်တို့လုပ်ငန်းကို အကျိုးပြုနိုင်မှာလေ။ လုပ်ငန်းရှင်တွေက ရိုက်ပါ၊ နှက်ပါလို့ ခိုင်းတာမရှိဘူး။ ဖောင်ပေါ်မှာ အဆင့်ဆင့်အုပ်ချုပ်တာ။ ဖောင်ဦးစီးတွေကိုလည်း မလုပ်ဖို့ ကျွန်တော်တို့ ညွှန်ကြားထားပြီးသား” လို့ ကျားဖောင်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုဖြိုးဝေကျော်က Duwun ကိုပြောပါတယ်။

ပင်လယ်ပြင်မှာ သားငါးရှားပါးမှုတွေကြောင့် ဖောင်အရေအတွက်များမှသာ ငါး၊ပုဇွန် ပိုမို ဖမ်းဆီးနိုင်မှာ ဖြစ်တာကြောင့် ဖောင်အရေအတွက်များလာတာနဲ့ အမျှ လုပ်သား နှစ်စဉ် ၅၀၀၀ ကျော်လောက် လိုအပ်နေတယ်လို့ ကျားဖောင်လုပ်ငန်းရှင်များက ဆိုပါတယ်။


က္က