ပြည်သူတွေအခက်အခဲဖြစ်ခဲ့တာက တာဝန်ရှိသူတွေ ကြိုမပြောလို့ ဖြစ်ရတာလို့ ဦးဇော်ဌေးက ပြောပါတယ်။

လူပုဂ္ဂိုလ်တွေကြောင့်မဟုတ်ဘဲ အုပ်ချုပ်ရေးဗဟိုချက်နေရာဖြစ်လို့ နေပြည်တော် အဝင်အထွက်ကို ကန့်သတ်တင်းကြပ်ရတာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ ၄ ရက်က နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ နေပြည်တော်က အုပ်ချုပ်ရေးဗဟိုချက်ဖြစ်တယ်။ သမ္မတရုံးမှာ တစ်ယောက်ယောက် ပိုးတွေ့လူနာနဲ့ ဆက်နွယ်မှုရှိရင် တစ်ရုံးလုံး အကုန်ကွာရန်တင်းဝင်တော့ပဲ။ ကျန်တဲ့ရုံးတွေလည်း အလားတူပဲ။ အဲလိုမျိုးဖြစ်သွားရင် Government စနစ်က Shut Down ဖြစ်သွားမယ်။ နေပြည်တော်က တကယ့်စင်တာနေရာဖြစ်လို့ ထိန်းဖို့လိုတယ်။ အုပ်ချုပ်ရေး ယန္တရား ပြတ်မသွားအောင်လို့ ကြပ်မတ်တာပါ။ လူကြီးတွေကြောင့်မဟုတ်ပါဘူး။ ဒါကို နားလည်ပေးဖို့ ပြောချင်ပါတယ်” လို့ ဦးဇော်ဌေးက ဆိုပါတယ်။



ဓာတ်ပုံ- စက်တင်ဘာ ၃ ရက်နေ့က နေပြည်တော်အဝင်ဂိတ်မှာ စစ်ဆေးနေစဉ်။

ဒါ့အပြင် စက်တင်ဘာ ၂ ရက်နေ့ကစပြီး နေပြည်တော်သို့ိ လာရောက်လိုသူတိုင်းကို အသွားအလာ ကန့်သတ်စောင့်ကြည့်ပြီး ဓာတ်ခွဲနမူနာစစ်ဆေးပြီးမှ ဝင်ခွင့်ပေးမယ်ဆိုတဲ့ ညွန်ကြားချက်ဟာ ပြည်သူတွေကြားထဲ ကျယ်ကျယ်ပြန့်ပြန့် မရောက်ခဲ့တာကြောင့် နေပြည်တော်ကို ဝင်လာတဲ့ ပြည်သူ့အချို့မှာ အခက်အခဲတစ်ချို့ ကြုံခဲ့ရတာနဲ့ပတ်သက်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို ပြန်လည် ရှင်းလင်းခဲ့ပါတယ်။

“ နေပြည်တော် အသွားအလာကိစ္စက ကြိုမသိတော့ လူထုက ဒုက္ခရောက်ကြတယ်။ အဲဒါလည်း ကျွန်တော်တို့ ကြားပါတယ်။ ဒါတွေ လုပ်တော့မယ်ဆိုရင် လူထုကို ကြိုပြောရပါမယ်။ စာထွက်တဲ့နေ့မှာပဲ တစ်ချို့က ကြိုမသိဘူး။ ရောက်လာတယ်။ ပစ္စည်းတွေလာပို့တယ်။ အထဲကို ဝင်လို့မရတဲ့ပြဿနာတွေ ဖြစ်လာတယ်။ အဲဒါတွေက သက်ဆိုင်တဲ့တာဝန်ရှိတဲ့သူတွေမှာ တာဝန်ရှိပါတယ်။ လူတွေဆီ သတင်းအချက်အလက်ရောက်ဖို့ လူတွေသုံးတဲ့ Social Platform ကတစ်ဆင့် သတင်းပေးဖို့ တာဝန်ရှိသူတွေက လုပ်ဖို့ လိုပါတယ်” လို့ ဦးဇော်ဌေးက ဆိုပါတယ်။

မည်သည့်အရပ်ဒေသကမဆို နေပြည်တော်ကို ဝင်ရောက်လိုတဲ့ ပြည်သူလူထုဟာ သတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာမှာ အာခေါင်၊ နှာခေါင်းတို့ဖတ်နမူနာရယူမှာဖြစ်ပြီး ဓာတ်ခွဲနမူနာအဖြေပေါ်မူတည်ပြီးမှ နေပြည်တော်အတွင်း သွားရောက်လိုတဲ့နေရာတွေကို သွားရောက်ခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကွာရန်တင်းဝင်ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးတဲ့ကုန်ကျစရိတ်ကိုတော့ အစိုးရဌာနနဲ့သက်ဆိုင်ပြီး လာရောက်တဲ့သူတွေကလွဲပြီး ကျန်တဲ့ဘယ်လိုအကြောင်းကိစ္စနဲ့ပဲဖြစ်ဖြစ်လာရောက်တဲ့သူတွေက ကိုယ့်စရိတ်နဲ့ကိုယ် အကုန်အကျခံရမယ်လို့လည်း ညွန်ကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က