ပြည်သူတွေကြားမှာလည်းဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့တဲ့ ဘာသာရေးပွဲတစ်ခုမှာ လူစုလူဝေးဖြစ်ပွားခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုတွေရှိနေပါတယ်။

ဒီဖြစ်ရပ်အတွက် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို Duwun ကဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ပြည်သူတွေပူးပေါင်းပါဝင်မှုကြောင့် မရည်ရွယ်ဘဲ ဖြစ်ခဲ့တာဖြစ်တယ်လို့ဆိုခဲ့ပြီး ပြည်သူတွေကို တောင်းပန်ကြောင်း ပြန်လည်ဖြေကြားပါတယ်။ ဗိုလ်တစ်ထောင်ဘုရားမှာ အမတော် မြနန်းနွယ် နန်းဆောင်ယာယီပြောင်းရွေ့ပွဲကို တိုင်းအစိုးရက ဦးဆောင်ကာ မေလ(၂၄)ရက်နေ့ကပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် အယောက်(၃၀)ကျော်လောက် တက်ရောက်ခဲ့ကာ အလှူရှင်တွေနဲ့ ပြည်သူတွေလည်းပါဝင်ခဲ့ပါတယ်။ အဆိုပါဘာသာရေးပွဲကကျင်းပစဉ် လူစုလူဝေးဖြစ်ခဲ့တဲ့ မြင်ကွင်းပုံရိပ်တွေက လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေထွက်ပေါ်လာတာပါ။ 



"ကျွန်တော်တို့က အခမ်းအနားကိုလည်းကျန်းမာရေးနဲ့ အညီလုပ်ခဲ့တာပါ။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ညွှန်ကြားချက်တွေထုတ်ထားသလို ကျွန်တော်တို့ကိုယ်တိုင်လိုက်နာဖို့လိုတယ်ဆိုတာလည်းကျွန်တော်တို့သိပါတယ်။ လူများသွားတာကလည်း မထင်မှတ်ဘဲအခုလိုဖြစ်သွားတာပါ။ အလှူရှင်တွေလည်းပါသလို ပြည်သူတွေလည်းပါဝင်လာတော့ လူကများသွားတာပါ။ ပွဲကိုတော့ ကျန်းမာရေးနဲ့အညီဖြစ်အောင် ကြိုးစားပြီးလုပ်ဆောင်ခဲ့ပေမယ့် လူစုလူဝေးဖြစ်သွားတဲ့အပေါ် စိုးရိမ်နေကြတဲ့ ပြည်သူတွေကိုလည်း တောင်းပန်ပါတယ်" လို့ ဦးနိုင်ငံလင်းက Duwun ကိုပြောပါတယ်။ 

မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ အမတော် မြနန်းနွယ် နန်းဆောင်ယာယီပြောင်းရွေ့ပွဲမှာဆိုရင် အစိုးရအဖွဲ့အပါအဝင် လူဦးရေ တစ်ရာဝန်းကျင်ပါဝင်ခဲ့တယ်လို့သိရပါတယ်။ COVID -19 ဖြစ်ပွားစဉ်ကာလအတွင်းမှာ လူစူလုဝေးမလုပ်ကြဖို့အတွက် အစိုးရက ဥပဒေထုတ်ပြန်ထားပြီး ဖောက်ဖျက်သူအချို့ကိုလည်း အပြစ်ပေးအရေးယူမှုတွေရှိနေပါတယ်။ အင်းစိန်က ဘာသာရေးပွဲပြုလုပ်ရာမှာ ဦးဆောင်ခဲ့သူအချို့ကို တရားစွဲဆိုထားချိန်မှာ အခုလို တိုင်းအစိုးရဦးဆောင်တဲ့ ဘာသာရေးအခမ်းအနားလုပ်ဆောင်တာက မျှတမှုမရှိဘူးဆိုတဲ့ အမြင်တွေလည်း ပြည်သူတွေအကြားမှာရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က