CCTV မှတ်တမ်းအရ ရှို့မီးလို့ယူဆထားတာပါ။
Ei Ei Htun

မီးလောင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးရုံးရှေ့က ဓမ္မာရုံမှာတပ်ထားတဲ့ CCTV ကို စစ်ဆေးကြည့်တဲ့အခါမှာတော့ မသင်္ကာစရာလူနှစ်ဦးကိုတွေ့ရတာကြောင့် ရဲတပ်ဖွဲ့ကမီးရှို့ဖျက်ဆီးမှု ပုဒ်မ (၄၃၆)နဲ့အမှုဖွင့်ထားတာပါ။

photo- မီးသတင်းများစုစည်းရာ

နိုဝင်ဘာလ(၁၂)ရက်နေ့ မနက် (၄)နာရီလောက်က မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီလမ်းမကြီးဘေးရှိ ပြည်ခိုင်ဖြိုးပါတီရုံးမီးလောင်မှုမှာတော့ ရုံးအနီးနားရှိCCTVမှတ်တမ်းအရ လူနှစ်ဦးက ရုံးနားကို လာရောက်ပြီး မီးရှို့သွားတယ်လို့ယူဆရတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ရဲဘက်ဆိုင်ရာကတော့ ဒီကိစ္စကို မီးရှို့အကျိုးဖျက်ဆီးမှု ပုဒ်မ(၄၃၆)နဲ့အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။ 

“ လောလောဆယ်တော့ ဒီကိစ္စကို ကျွန်တော်တို့စစ်တုန်းရှိပါသေးတယ်။ အတည်ပြုတော့လို့မရသေးဘူး။ CCTV မှတ်တမ်းအရတော့ ရဲဘက်က ဒီကိစ္စကိုပုဒ်မ(၄၃၆)နဲ့အမှုဖွင့်ထားတယ်။ လွယ်လွယ်ပြောရရင်တော့ ဒီပုဒ်မက မီးရှို့ဖျက်ဆီးမှုနဲ့ပေါ့။ မီးလောင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရုံးရှေ့က ဓမ္မာရုံမှာတပ်ဆင်ထားတဲ့ CCTV ကို ကျွန်တော်တို့က ခွင့်တောင်းပြီးကြည့်တော့မှ အခုလိုရှို့မီးလို့ ယူဆထားတာ" လို့ မြောက်ဥက္ကလာပ မြို့နယ်မှူး ဦးပြည့်စုံက Duwun ကိုပြောပါတယ်။ 

photo- မီးသတင်းများစုစည်းရာ

မီးလောင်မှုအတွင်းမှာတော့ ပြည်ခိုင်ရုံးအတွင်းမှာရှိတဲ့ ပစ္စည်းတွေအားလုံးမီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး(၃၅)သိန်းဖိုးရှိခဲ့တယ်လို့သိရပါတယ်။ ရုံးဘေးကပ်လျက်ရှိ နေအိမ်တစ်လုံးပါ မီးလောင်တဲ့ထဲပါသွားခဲ့တာပါ။လက်ရှိမှာတော့ မီးလာင်မှုနဲ့ ပတ်သက်လို့ ရုံးတာဝန်ခံနဲ့ အနီးပတ်ဝန်းကျင်ကလူတွေကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။


က္က