စစ်တွေမှာ တစ်ရက်၊ ကျောက်ဖြူမှာ နှစ်ပတ်ခန့် နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

ယနေ့ မော်လမြိုင်မြို့မှာတွေ့ရှိတဲ့ ကိုဗစ်လူနာ (လူနာအမှတ် ၄၈၂, အသက် ၅၅ နှစ်အရွယ် အမျိုးသမီး) ဟာ ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ စစ်တွေကနေ သြဂုတ်လ ၁၉ ရက်နေ့ကတည်းက ပြန်လာသူဖြစ်ပြီး သြဂုတ်လ ၂၁ ရက်နေ့မှာသိရှိပြီး ကွာရန်တင်းထားသူဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ပြည်နယ်ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။

"ခွင့်ယူပြီး ရခိုင်သွားတာ။ ပညာရေးဌာန ခရိုင်ပညာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးထင်ပါတယ်။ သူက ပြန်လာတော့ ၁၉ရက်နေ့ ရောက်တယ်။ သူ့အိမ်မှာနေတယ် ။ သူ့ဌာနက ၂၁ ရက်နေ့မှာ ကျွန်တော်တို့ဆီ report လုပ်ပါတယ်။ လုပ်တော့ facility ကွာရန်တင်းထည့်လိုက်တယ်။ အခုစစ်လိုက်တော့ positive ဖြစ်နေတယ်ပေါ့" မော်လမြိုင်မြို့နယ် ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က Duwun ကို ပြောပါတယ်။



အတူနေထိုင်သူ မိသားစုဝင် ၇ ဦး ရှိနေပြီ အားလုံးကို ကွာရန်တင်းထားထားတယ်လို့ ဆိုပါတယ်။ သူဟာ အဆိုပါ ၄ ရက်အတွင်း ရုံးတက်ခဲ့တယ်လို့လည်း သိရပါတယ်။ ထိတွေ့ဆက်စပ်သူတွေကိုလည်း လိုက်လံစုံစမ်းတုန်းဖြစ်ပြီး သူနဲ့ထိတွေ့သူတွေက တော်တော်များနိုင်တယ်လို့ ဆိုပါတယ်။

"သူနဲ့ထိတွေ့သွားတဲ့သူတွေက အများကြီး ရှိတယ် ။ သူနဲ့တိုက်ရိုက်ထိတွေ့တဲ့သူတွေက primary contact ပေါ့ ။ အဲ့ဒီလူတွေနဲ့တွေ့တဲ့သူတွေက secondary ပေါ့ ။ တော်တော်များများလိုက်ရမှာပေါ့ contact ။ history နဲ့ပဲ ပြောလို့ရမှာ ။ contact ဘယ်သူဘာညာသိရင်တောင် အဲဒီလူက ရှိဦးမှ ။ ရှိမှမိမှာပေါ့ ။ အခုလိုက်နေတာတောင်မှ ဟိုး ရေးဘက်မှာတောင် သွားရှိနေတယ် ။ သူနဲ့ contact တွေ ။ စစ်တွေတစ်ရက်နဲ့ ကျောက်ဖြူကို နှစ်ပတ်လောက်နေလာလားမသိဘူး ။ အတိအကျမသိဘူး ။ ကျောက်ဖြူမှာတော့ ပိုကြာကြာနေခဲ့တာပေါ့" လို့ ဒေါက်တာ ထွန်းအောင်ကြည်က ပြောပါတယ်။

ဓာတ်ပုံ - ကိုဇင်မိုး (မော်လမြိုင် ကယ်ဆယ်ရေးအဖွဲ့)

လတ်တလောမှာတော့ အဆိုပါအမျိုးသမီးနေထိုင်ရာ သိပ္ပံလမ်းထိပ်၊ သိမ်ကုန်း ချစ်ကြည်ရေး (၁) လမ်းကိုလည်း လော့ဒေါင်းချလိုက်ကာ ပိုးသတ်ဆေးဖြန်းလိုက်ပြီဖြစ်ကြောင်း မော်လမြိုင် ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဒုဥက္ကဌ ဦးဇင်မိုးက Duwun ကို ပြောပါတယ်။

"အခုလက်ရှိကတော့ ကွန်တက်တွေအကုန်လုံးကို လိုက်ခေါ်ြပီး ဆေးရုံပို့နေပါတယ်။ ချစ်ကြည်ရေး ၁ လမ်းမှာလည်း ပိုးသတ်ဆေးဖြန်းနေပါတယ်။ သူနဲ့ထိတွေ့တဲ့သူတွေကို အတိအကျမသိသေးဘူး။ ဘယ်နှယောက်ဆိုတာ အတိအကျမသိသေးဘူး။ နည်းနည်းတော့ များလိမ့်မယ်" လို့ ဦးဇင်မိုးက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာဆိုရင် သြဂုတ်လ ၁၆ ရက် နောက်ပိုင်းကစလို့ တွေ့ရှိထားတဲ့ ပြည်တွင်းကူးစက်လူနာ ၁၀၀ ကျော်နေပြီဖြစ်ပြီး မော်လမြိုင်မြို့မှာတော့ စစ်တွေရဲ့ ကိုဗစ်ပြန့်ပွားမှုနဲ့ စပ်လျဥ်းပြီး ပထမဆုံးအကြိမ် ကူးစက်ခံရခြင်းပါ။ အဆိုပါအမျိုးသမီးက မော်လမြိုင်မြို့အတွင်းမှာ ၄ ရက်လောက် နေထိုင်ခဲ့တဲ့အတွက် သူကတစ်ဆင့် ကူးစက်နိုင်မယ့် အခြေအနေကိုလည်း စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

Share

Loading Next Article...
က္က