လက်ရှိအချိန်ထိ အလောင်းကို ပြန်မတွေ့သေးပါဘူး။
Mi Thawdar Aung

မော်လမြိုင်မြို့ ကမ်းနားလမ်းသံလွင်မြစ်အတွင်းမှာ စိတ်ရောဂါသည်လို့ယူဆရသူ သက်ကြီးပိုင်းအမျိုးသားတစ်ဦး ခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ ဇူလိုင်လ ၁၂ ရက် မွန်းလွဲ ၁ နာရီလောက်က စိတ်မနှံသူ အမျိုးသားတစ်ဦး မော်လမြိုင် ကမ်းနားလမ်းတစ်လျှောက်မှာ ဓါးကိုင်ဆောင်သောင်းကျန်းမှုဖြစ်ပွားနေတဲ့သတင်းအရ မုပွန်ရဲစခန်းမှ ရဲတပ်ဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေသွားရောက်ကြည့်ရှုခဲ့ရာ အဲဒီအမျိုးသားဟာ ဓါးကိုင်ပြီး ပတ်ဝန်းကျင်အနီးအနားက လူတွေကိုလိုက်ခုတ်နေတာတွေ့ခဲ့ရတယ်လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးက ပြောပြပါတယ်။



“ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ အဲဒီလူက ဓါးကြီးနဲ့ လိုက်ရမ်းနေတော့ အနားက လူတွေကလည်း ထွက်ပြေးတဲ့လူ ထွက်ပြေး၊ ပုန်းတဲ့သူပုန်းပေါ့။ နောက်တော့ အဲဒီလူက ကမ်းနားဘက်ကို ဆင်းသွားပြီး အနားကပ်ရဲတဲ့သူ ကပ်ကြည့် ဓါးနဲ့ ခုတ်မယ် ပြောတော့ တစ်ယောက်မှ မကပ်ရဲကြဘူး။ နောက်တော့ ခန္ဓာကိုယ်ဗလာကျင်းနဲ့ ဓားကိုင်ပြီး မြစ်ထဲကို ဆင်းသွားပြီး ရေဆင်းကူးတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက ဘောကွင်းတွေကို ကြိုးနဲ့ ချည်ပြီး ပစ်ပေးတော့လည်း သူက မယူဘူး။ ဓါးကိုင်ပြီးတော့ ရေကူးနေတာ။ တဖြည်းဖြည်းရေနက်ထဲရောက်လာတော့ မြှုပ်သွားပြီးပြန်မပေါ်လာတော့ဘူး” လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ မှ ကိုဇင်မိုးက Duwun ကိုပြောပါတယ်။

အဲဒီနောက် အဆိုပါ အမျိုးသားဟာ ရေထဲနစ်မြှုပ်ပျောက်ဆုံးသွားပြီး ဒီကနေ့ ဇူလိုင်လ ၁၃ ရက်မွန်းလွဲပိုင်းအထိ ပြန်လည်တွေ့ရှိရခြင်းမရှိသေးဘူးလို့လည်းမုပွန်နယ်မြေရဲစခန်းမှ စခန်းမှူးကလည်း Duwun ကို အတည်ပြုပြောပါတယ်။ လက်ရှိမှာတော့ ရေနစ်ပျောက်ဆုံးသွားသူ အမျိုးသားရဲ့ ဓာတ်ပုံနဲ့ တကွ လူပျောက်ကြေညာချက် ထုတ်ပြန်ထားပေးမယ့် အခုချိန်ထိတော့ မိသားစုဝင်တွေက ဆက်သွယ်လာရောက်ခြင်းမရှိသေးတာကြောင့် ဘယ်သူဘယ်ဝါမှန်းမသိရသေးဘူးလို့လည်း မုပွန်နယ်မြေရဲစခန်းကနေသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က