ခိုးဝင်လာသူတွေထဲက ၇ ဦးနဲ့ ဆက်စပ်ထိတွေ့သူ ၁ ဦး စုစုပေါင်း ၈ ဦးမှာ ပိုးတွေ့ထားပါတယ်။
Mi Thawdar Aung

ဘင်္ဂလားဒေရှ့်နိုင်ငံကနေ ရခိုင်ပြည်နယ်စပ်ဘက်ကို ခိုးဝင်လာသူအရေအတွက်က လက်ရှိမှာ ၁၉ ဦးအထိ ရှိနေပြီး သူတို့နဲ့ဆက်စပ်ထိတွေ့သူ ၁၄၀ နီးပါး ကို အသွားအလာကန့်သတ် စောင့်ကြည့်ထားရတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က Duwun ကိုပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့တည်နေရာ နယ်နမိတ်အရအနီးဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်ဘူးသီးတောင်၊မောင်တောကို လူသူပြတ်လပ်တဲ့ တောင်ပေါ်လမ်းတွေကနေတဆင့် ခိုးဝင်မှုတွေရှိနေတာပါ။ “ မောင်တောခရိုင်အတွင်းမှာ ဘင်္ဂလားဒေရှ့်ကနေ ဝင်လာတဲ့သူ ၁၉ ဦးရှိတယ်။ သူတို့နဲ့ ဆက်စပ်ထိတွေ့တဲ့ မိသားစုတွေအပါအဝင် အခြားသူတွေ စုစုပေါင်းက ၁၄၀ နီးပါးလောက်ကိုလည်း ခရိုင်အတွင်းက ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်” လို့ ဦးစိုးအောင်ကပြောပါတယ်။ 

လက်ရှိ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာတော့ ဘင်္ဂလားဒေရှ့်ကနေ ပြန်ဝင်လာသူတွေထဲကနေ ၇ ဦး၊ သူတို့တွေနဲ့ ဆက်စပ်ထိတွေ့သူ ၁ ဦး စုစုပေါင်း ၈ ဦးမှာ COVID-19 ရောဂါပိုးတွေ့ထားပါတယ်။ ဒီကနေ့ ဇွန်လ ၂၃ ရက် မနက် ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တဲ့ လူနာအမှတ် ၂၉၁ ဟာလည်း ဘင်္ဂလားဒေရှ့်နိုင်ငံက ဝင်လာပြီး မောင်တောမြို့နယ်မှာ အသွားအလာကန့်သတ်ထားသူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။ 

အဲဒီအမျိုးသမီးဟာ မောင်တောမြို့နယ်မှာ ပထမဆုံးပိုးတွေ့လူနာဖြစ်ခဲ့တဲ့ လူနာအမှတ် ၂၃၄ ရဲ့ ဇနီးတော်စပ်သူဖြစ်ပြီး အတူခိုးဝင်လာသူဖြစ်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်မိသားစုငါးဦးကို ကွာရန်တင်းထားရှိပြီး ဓာတ်ခွဲနမူနာစစ်ဆေးရာမှာ ပထမဆုံးအနေနဲ့ ဖခင်ဖြစ်သူကို လူနာအမှတ် ၂၃၄အဖြစ် ရောဂါပိုးစတင်တွေ့ရှိခဲ့ပါတယ်။

ကျန်လေးဦးရဲ့ဓာတ်ခွဲနမူနာအဖြေကတော့ ပထမအကြိမ်စစ်ဆေးစဉ်က Negative ဖြစ်ခဲ့ပေမယ့် ဒုတိယအကြိမ်ထပ်မံစစ်ဆေးရာမှာ မိခင်ဖြစ်သူမှာ ပိုးတွေ့ပြီး လူနာအမှတ် ၂၉၁အဖြစ်သတ်မှတ်ခံခဲ့ရတာပါ။ ကလေးသုံးဦးရဲ့ လက်ရှိအချိန်အထိ ရောဂါပိုးမတွေ့ရသေးဘူးလို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးဦးစိုးအောင်ရဲ့ပြောကြားချက်အရသိရပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ မြန်မာနိုင်ငံကို ပြန်လည်ခိုးဝင်သူတွေက ရခိုင်ပြည်နယ်ပဋိပက္ခကာလအတွင်းက ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်နေသူတွေဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူတွေအပါအဝင် ကွာရန်တင်းထားရှိသူတွေကိုပါ သတ်မှတ်ကာလပြီးဆုံးပါက တည်ဆဲဥပဒေအရအရေးယူဆောင်ရွက်ဖို့လည်းရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က