နေအိမ်မှာ တစ်ပတ်ကြာ ကွာရန်တင်းဆက်နေမှာဖြစ်ပါတယ်။

COVID-19 ရောဂါပျောက်ကင်းသွားပြီးနောက် ဝေဘာဂီဆေးရုံမှာပဲ အသွားအလာကန့်သတ်စောင့်ကြည့်ထားတဲ့ မေ့ဆေးဆရာဝန်မကြီး ဒေါက်တာမြင့်မြင့်စိန်ကို ဒီနေ့မနက်မှာ ဆေးရုံကဆင်းခွင့်ပြုလိုက်ပြီလို့ ဝေဘာဂီဆေးရုံအုပ် ဒေါက်တာအေးအေးအောင်က Duwun ကိုပြောပါတယ်။

“ ဆရာဝန်မကြီးက အလုပ်လုပ်ရင်းနဲ့ ကိုယ်ကျိုးကိုမငဲ့ဘဲ ရောဂါကူးစက်ခံရတယ်။ ဆရာမကြီးက ပြန်ကောင်းဖို့ကိုလည်း အချိန်အတော်ကြာယူလိုက်ရတယ်။ သူ့အတွက်ကို စိုးရိမ်ခဲ့တယ်။ ဒီလို ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်ရတာကိုလည်း ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် အခုတော့ ဆရာမကြီးက စိတ်ရောလူရောကျန်းမာပြီး ဆေးရုံကဆင်းခွင့်ရသွားပြီဆိုတော့ တော်တော်လေးကို ဝမ်းသာပါတယ်။ “ လို့ ဒေါက်တာအေးအေးအောင်က ဆိုပါတယ်။



ပေါက်ခေါင်းမြို့နယ်က သေဆုံးလူနာအမှတ် ၁၇ ကို ကုသပေးရင်း ရောဂါကူးစက်ခံလိုက်ရတဲ့  မေ့ဆေးဆရာဝန်မကြီး ဒေါက်တာမြင့်မြင့်စိန်ဟာ ဝေဘာဂီဆေးရုံမှာ တစ်လကျော် ဆေးကုသမှုခံယူခဲ့ရပါတယ်။ ဆေးကုသမှုခံယူနေစဉ်အတွင်း ဆေးစစ်ချက်အဖြေတွေကလည်း မတည်ငြိမ်ခဲ့ဘဲ Negative နဲ့ Positive တစ်လှည့်စီ ဖြစ်နေခဲ့ရပါတယ်။ 

မေလ ၁၁ ရက်နေ့မှာတော့ Negative နှစ်ကြိမ်ဆက်တိုက်ပြခဲ့ပြီး ရောဂါပိုးကင်းစင်သူအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာခဲ့တာပါ။ ရောဂါပိုးကင်းစင်ပြီးနောက် ဝေဘာဂီဆေးရုံမှာ နှစ်ပတ်ကြာအသွားအလာကန့်သတ်စောင့်ကြည့်ခဲ့ကာ ဒီနေ့ မေလ ၂၅ ရက်မှာ ဆေးရုံကဆင်းခဲ့ပြီး နေအိမ်မှာ တစ်ပတ်ကြာ အသွားအလာကန့်သတ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

“ ဒီလိုကူးစက်ခံခဲ့ရမှုအတွက် နောင်တမရှိဘူး။ ဒါ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေက လုပ်ရမယ်။ အဲဒီလုပ်နိုင်ဖို့ အတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာဖို့ကိုလည်း မျှော်လင့်ပါတယ်။ “ လို့ မေ့ဆေးဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်က ဆိုပါတယ်။

ဆရာဝန်မကြီးဟာ လောလောဆယ်တော့ ရန်ကုန်မှာပဲ နေအိမ်ကွာရန်တင်းနေမှာဖြစ်ပြီး လုပ်ငန်းခွင်ပြန်ဝင်နိုင်ဖို့အတွက်ကတော့ ပြင်ဆင်မှုတွေ လုပ်ရဦးမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ COVID-19 လူနာတွေကို ကုသနိုင်ဖို့ စမ်းသပ်နေတဲ့ သွေးရည်ကြည်ကုထုံးအတွက်လည်း ဆရာဝန်မကြီးက သူရဲ့ သွေးရည်ကြည်တွေကို လှူဒါန်းသွားဖို့ ရှိနေတာကြောင့် နေအိမ်ကွာရန်တင်းတစ်ပတ်ပြည့်ရင်တော့ ဝေဘာဂီဆေးရုံမှာ ဆေးစစ်မှုခံယူရမယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က