၀န်ကြီးချုပ်အပါအဝင် ၄ ဦးကို အဂတိလိုက်စားမှုနဲ့ တရားစွဲခဲ့တာပါ။
Mi Thawdar Aung

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ကို အဂတိလိုက်စားမှုနဲ့ တိုင်ကြးထားမှု ရှုံးနိမ့် သွားခဲ့တယ်လို့ မကွေးတိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

Photo- MOI

မေလ ၁၈ ရက်က ချောက်မြို့မှာ ပြုလုပ်တဲ့ သစ်ပင်စိုက်ပျိုးပွဲကို ဝန်ကြီးချုပ် တက်ရောက်လာစဉ်မှာ Duwun မီဒီယာကို ပြောသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် က မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး၊ လူမှုရေးဝန်ကြီး နဲ့ နယ်လုံဝန်ကြီးတို့ဟာ အခန်းခမပေးဘဲ တည်းခိုခဲ့တယ်ဆိုပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်က “ မတရားလုပ်တာမဟုတ်ဘူး။ အမြဲတမ်းစစ်ခံဖို့ အဆင့်သင့်ပဲ” ဆိုပြီး Duwun ကို ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ရွှေစက်တော်ပွဲတော်ကာလအတွင်း နမ္မဒါ (၁) တည်းခိုဆောင် လုပ်ကိုင်ခွင့်ရတဲ့ ပိုင်ရှင်မှာ ဂေါပက က ခွင့်ပြုထားတဲ့ စည်းကမ်းကို ကျော်လွန်ပြီး အခန်းပိုတွေ ဆောက်လုပ်ခဲ့တာကြောင့် အဆိုပါလုပ်ငန်းရှင်ကို ဂေါပကအဖွဲ့ကနေ သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေထက် လျှော့ချပြီး သိန်း ၁၅၀ ဒဏ်ကြေးရိုက်ခဲ့တယ်လို့လည်း ဝန်ကြီးချုပ် ပြောကြားချက်အရသိရပါတယ်။

“ လုပ်ငန်းရှင်ဘက်ကနေ သူ့ကို ဒဏ်တပ်ရမလားဆိုပြီးတော့ ရှေ့နေဌားပြီး အစိုးရကိုလည်း အဂတိလိုက်တယ်ပြောတယ်။ ဂေါပကကိုလည်း ဒဏ်တပ်လို့ဆိုပြီး တရားစွဲတယ်။ အဲဒီအမှုက ရှုံးသွားပြီ။ “ လို့ ဝန်ကြီးချုပ်က Duwun ကို ပြောကြားခဲ့တာပါ။

ရွှေစက်တော်ပွဲတော်ချိန်ကာလရောက်ရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အထူးဧည့်သည်တွေအတွက် တဲကျောင်း (၈) ကျောင်းကို  တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရံပုံငွေနဲ့ တည်ဆောက်တယ်လို့သိရပါတယ်။

အဆိုပါ တဲကျောင်းမှာ အထူးဧည့်သည်တွေက လာရောက်တည်းခိုမယ်ဆိုရင် ကြိုတင်အကြောင်းကြားလေ့ရှိပြီး အထူးဧည့်သည်တွေ လာရောက်မတည်းခိုပါက လုပ်ငန်းလုပ်ကိုင်ခွင့်ရသူတွေက ဘုရားဖူးတွေကို အခန်းဌားရမ်းနိုင်တယ်လို့ သိရပါတယ်။

အခန်းဌားရမ်းခဝင်ငွေကို အခန်းတည်ဆောက်ဖို့ အစိုးရအဖွဲ့က စိုက်ထုတ်တဲ့ဝင်ငွေထက် ပိုလျှံပါက ဘုရားကြီးကို လှူဒါန်းလေ့ရှိတာက အစိုးရ ခေတ်အဆက်ဆက်ကတည်းက ရှိခဲ့တာလို့ ဝန်ကြီးချုပ်က ရှင်းပြပါတယ်။


Author


က္က