ဓာတ်ဆီဖြန်းထားတာကို ဈေးသူဈေးသားတွေအနေနဲ့ကလည်း စိုးရိမ်မှုတွေရှိနေပါတယ်။
Minn Nandar

မန္တလေးဈေးချိုမှာ အခုလိုဓာတ်ဆီဖြန်းထားတဲ့ ဆီကွက်များတွေ့ရတဲ့ဖြစ်စဉ်မှာဆိုရင် အရင်တစ်လခန့်တုန်းကလည်း အလားတူဖြစ်စဉ်မျိုးဖြစ်ဖူးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ကြောင်းသိရပါတယ်။

မန္တလေးဈေးချိုတော် (H) ရုံအတွင်းက ပလတ်စတစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်အနီးလူသွားစင်္ကြံန်မှာဇွန်လ(၁၃)ရက်နေ့ မနက်ပိုင်းက ဓာတ်ဆီဖြန်းထားတဲ့အကွက်တွေတွေ့ရလို့ ဈေးလုံခြုံရေးတိုးမြှင့်ထားရတယ်လို့ ဈေးအကျိုးတော်ဆောင်အဖွဲ့ကကြေညာထားပါတယ်။

လူသွားစကြံၤလမ်းပေါ်မှာ ဓာတ်ဆီဖြန်းထားတာကို ဈေးသူဈေးသားတစ်ချို့ကတွေ့ရလို့ သတင်းပျံ့နှံ့သွားခဲ့ရာကနေ စိုးရိမ်သံတွေထွက်ပေါ်လာတာကြောင့် ဈေးအကျိုးတော်ဆောင်အဖွဲ့က ဈေးလုံခြုံရေးအတွက် အထူးကြပ်မတ်မှုတွေစီစဉ်ခဲ့တာပါ။

"မနက် ၈ နာရီနဲ့ ၉ နာရီကြားလောက်မှာပါ၊ ဓာတ်ဆီနံ့ရတယ်ဆိုပြီး ဈေးသူဈေးသားတွေကလာပြောလို့ ကျွန်တော်တို့ပူးပေါင်းအဖွဲ့နဲ့လိုက်စစ်တာမှာ အဲဒီစကြံၤန်ပေါ်မှာပဲ ဆီစက်ကလေးတွေတွေ့တယ်၊ အဲဒီနားကပစ္စည်းတွေပေါ်တော့ ဓာတ်ဆီဖြန်းသွားတာမျိုးမရှိပါဘူး၊ သေချာအောင် တစ်ဈေးလုံးလိုက်စစ်ပါတယ်၊ တစ်ခြားနေရာတွေမှာတော့ မတွေ့ရပါဘူး၊ ဒါပေမယ့်လည်း ဒီဖြစ်စဉ်ကိုပေါ့ဆလို့မရတဲ့ဖြစ်စဉ်လို့သတ်မှတ်ပြီးတော့ အထူးကြပ်မတ်မှုတွေစီစဉ်လိုက်ပါတယ်" လို့ ဈေးအကျိုးတော်ဆောင်အဖွဲ့အတွင်းရေးမှူးဦးမင်းမင်းက Duwun ကို ပြောပါတယ်။

အခုလိုသတင်းထွက်ပေါ်ခဲ့တဲ့ဖြစ်စဉ်မှာဆိုရင် ဈေးအတွင်း အရင်တစ်လခန့်တုန်းကလည်း အလားတူဖြစ်စဉ်မျိုးဖြစ်ဖူးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

"ဒီအဆင့်မြင့်ဈေးချိုထဲမှာတော့မဖြစ်ဖူးပါဘူး ဒီဈေးရဲ့အနောက်ဖက်မှာတော့ဖြစ်သွားဖူးပါတယ် အခုဖြစ်စဉ်က သတ်သတ်မဲ့လုပ်ကြံမယ့်အနေအထားမျိုးတော့မတွေ့ရပါဘူး ဓာတ်ဆီပုံးသယ်ရင်းနဲ့လမ်းကျသွားတာလားလို့လည်းစဉ်းစားမိပါတယ်" လို့လည်း ဦးမင်းမင်းကဆိုပါတယ်။

လက်ရှိမှာတော့ ဈေးသူဈေးသားတွေဆီ လုံခြုံရေးအထူးကြပ်မတ်ထားကြောင်း စာအသီးသီးပို့ထားပြီး ဈေးအကျိုးတော်ဆောင်တာဝန်ခံအပါအဝင် သော့ဖွင့်/ပိတ်လုပ်ပေးရတဲ့စည်ပင်ဝန်ထမ်းတစ်ဦးနဲ့ ရုံအတွင်းမှာရှိတဲ့ဈေးဆိုင်ပိုင်ရှင်အနည်းဆုံး ၅ ဦးဆုံမှသာ ဈေးအဖွင့်အပိတ်လုပ်ဖို့ စည်းကမ်းတင်းကြပ်လိုက်တယ်လို့သိရပါတယ်။

မန္တလေးမြို့ဈေးချိုတော်ကို ၁၉၉၄ ခုနှစ်က အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး စုစုပေါင်း ဈေးရုံ ၈ ရုံ နဲ့ ဆိုင်ခန်း ၃၂၀၀ ကျော် ရှိတယ်လို့သိရပါတယ်။


Author


က္က