ပြန်လည်ပျောက်ကင်းသူအရေအတွက်လည်း ၂၂ယောက်ရှိပြီလို့သိရပါတယ်။
Ye Yint Htay

မြန်မာနိုင်ငံမှာ မေလ၁၆ရက်က စတင်ပြီး ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိသူတွေမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှုကမြင့်တက်လာနေပြီး ဇွန်လ ၁၉ရက်မနက်ပိုင်းမှာ အယောက် ၁၀ဝပြည့်ခဲ့ပြီဖြစ်ပါတယ်။

Photo: MOFA

မေလ၁၆ရက် မနက် ၇နာရီထုတ်ပြန်ချက်မှာ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ မလေးရှားကပြန်လာတဲ့ လူနာအမှတ်(၁၈၂)က စတင်တွေ့ရှိခဲ့တဲ့ ပြည်တော်ပြန်ပိုးတွေ့လူနာအရေအတွက်ဟာ တစ်လကျော်အတွင်း ဆက်တိုက်ဆိုသလို များပြားလာပြီး ဇွန်လ ၁၉ရက်မနက်ပိုင်းမှာတော့ ၁၀ဝပြည့်ခဲ့တာပါ။ ကိုဗစ်-၁၉ရောဂါဂယက်ရိုက်ခတ်မှုကြောင့် ပြည်ပနိုင်ငံအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ပြည်တွင်းကိုပြန်လည်ဝင်ရောက်လာခဲ့ကြပါတယ်။ ပြန်တွင်းကိုပြန်လည်ဝင်ရောက်လာတဲ့ ပြည်တော်ပြန်တွေဟာ နယ်စပ်ဂိတ်ပေါက်တွေ၊ အစိုးရရဲ့ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ရောက်လာကြတာရှိသလို နယ်စက်ခြံစည်းရိုးတွေကနေ တရားမဝင်ခိုးဝင်လာသူတွေလည်းပါရှိတယ်လို့ သတင်းအချက်အလက်တွေအရသိရပါတယ်။ 


ပြည်ပကပြန်လာသူတွေမှာ ရောဂါပိုးတွေ့ရှိမှုများပြားခဲ့တဲ့ တစ်လကျော်အတွင်းမှာ ပြည်တွင်းကူးစက်မှုနှုန်းကတော့ သိသိသာသာကျဆင်းခဲ့ပြီး မေလ၁၆ရက်ကနေ ဇွန်လ၁၉ရက်အထိ ၄ဦးသာတွေ့ရှိထားပါတယ်။ ပြည်ပကပြန်လာသူတွေမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှုနှုန်းမြင့်တက်နေမှုကြောင့် ပြည်သူတွေစိုးရိမ်နေကြပေမယ့်လည်း လက်ရှိရောဂါပိုးတွေ့ရှိသူတွေက အသွား/အလာကန့်သတ်စောင့်ကြည့်ထားသူတွေဖြစ်လို့ ပြန့်ပွားမှုနှုန်းကိုထိန်းချုပ်ထားနိုင်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောခဲ့ဖူးပါတယ်။ "ပြည်တော်ပြန်တွေက နံပါတ်တစ်က ကွာရန်တင်းက အဓိကပဲ။ တစ်ချို့က ကွာရန်တင်းစင်တာရောက်ရောက်ပြီးချင်း ပထမအကြိမ်ပိုးစစ်တော့ မတွေ့ဘူး။ နောက်တစ်ခါထပ်စစ်မှ ပိုးတွေ့တာမျိုးတွေ ရှိတယ်။ ရောက်ရောက်ချင်းတွေ့ရင်တော့ ပိုကောင်းတာပေါ့။ သူတို့ကို ခွဲထားလိုက်လို့ရတာပေါ့။ ပထမတစ်ကြိမ်မှာပိုးမတွေ့ဘူးဆိုပေမယ့် နောက်တစ်ခေါက်မှာ ပိုးတွေ့နိုင်ခြေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က ပြည်တော်ပြန်တွေကို ကွာရန်တင်းမှာ ရက်အတိအကျနေစေပြီး စည်းကမ်းလိုက်နာဖို့ ပြောနေရတာပါ။"လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။ 

Photo: MOFA

ပြည်ပနိုင်ငံအသီးသီးကနေ မြန်မာနိုင်ငံကိုပြန်လည်ဝင်ရောက်လာသူတွေအရေအတွက်က ဇွန်လ၁၉ရက်နေ့အထိ သောင်းနဲ့ချီရှိနေပြီး ပိုးတွေ့လူနာစာရင်းမှာ အိန္ဒိယက ၄၅ဦး၊ ထိုင်းက ၂၁ဦး၊ မလေးရှားက ၁၇ဦး၊ ယူအေအီးက ၈ဦး၊ ဘင်္ဂလားဒေ့ရှ်က ၆ဦး၊ အီတလီက ၂ဦးနဲ့ တရုတ်က ၁ဦးတို့ပါဝင်ပါတယ်။ ပြည်တော်ပြန်ပိုးတွေ့ဦးရေ ၁၀၀မှာ ပြန်လည်ပျောက်ကင်းသူအရေအတွက်က ဇွန်လ ၁၉ရက်ညအထိ ၂၂ဦးရှိနေပြီလို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ယူအေအီးက ပြန်ရောက်လာသူ ၈ဦးစလုံးရောဂါပိုးပျောက်ကင်းခဲ့ပြီဖြစ်သလို မလေးရှားကပြန်လာသူ ၈ဦး၊ အိန္ဒိယကပြန်လာသူ ၅ဦးနဲ့ အီတလီကပြန်လာသူ ၁ဦးတို့ ရောဂါပိုးသက်သာပျောက်ကင်းထားလို့ လက်ရှိဆေးဝါးကုသမှုခံယူနေတဲ့ အရေအတွက်က ၇၈ဦးရှိနေပါတယ်။ ဇွန်လ ၁၉ရက်နေ့မနက်ပိုင်းမှာ နောက်ဆုံးတွေ့ရှိထားတဲ့ ပြည်တော်ပြန်ပိုးတွေ့လူနာ ၂၃ဦးကတော့ ထိုင်းနဲ့မလေးရှားက အကျဉ်းကျခံနေရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ပြစ်ဒဏ်စေ့အကျဉ်းသားတွေဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က