ရခိုင်ကမ်းရိုးတန်းနဲ့ဧရာဝတီကမ်းရိုးတန်းဘက်ကို ဝင်မယ်လို့ ခန့်မှန်းထားပါတယ်။
Mi Thawdar Aung

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး မေလ ၃ ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ်နဲ့ မြန်မာနိုင်ငံဘက်ကို ဦးတည်မယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

မေလ ၄ ရက်နေ့မှာတော့ ပိုမိုအားကောင်းတဲ့ မုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်ပြီး မေလ ၅ ရက်နေ့မှာ ဧရာဝတီကမ်းရိုးတန်းဘက်၊ မေလ ၇ ရက်မှာတော့ ရခိုင်ပြည်နယ်ကမ်းရိုးတန်းကို ဝင်မယ်ဆိုပြီး သချာၤပုံစံပြု မော်ဒယ်တွေအရ ခန့်မှန်းထားကြောင်း မိုးဇလ ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

“ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်လာနိုင်ပါတယ်။ သချာၤပုံစံပြုမော်ဒယ်တွေအရ အချိန်နဲ့လိုက်ပြီးပြောင်းနေပါတယ်။ တချို့မော်ဒယ်တွေကျတော့ ၅ ရက်နေ့လောက် ဧရာဝတီကိုပြတယ်။ တချို့မော်ဒယ်တွေက ၇ ရက်နေ့လောက်ရခိုင်ကိုပြတယ်။ တချို့ကျတော့လည်း ကနဦးအနောက်မြောက်ဘက်ကို ရွေ့သွားပြီးတော့မှ ၉ ရက်၊၁၀ ရက်လောက်မှာရခိုင်ကို ပြန်ပြီး ဝင်မယ်လို့ပြနေတယ်။ အခုအချိန်မှာတော့ ဘယ်ကမ်းကို ဦးတည်မလဲဆိုတာ ပြောဖို့ခက်ပါသေးတယ်”လို့ ဦးကျော်မိုးဦးက ဆိုပါတယ်။

ဧပြီ ၂၇ ရက်က ရန်ကုန်မြို့မှာ မိုးရွာနေသည်ကို တွေ့ရစဉ်။

မေလ ၁ ရက်နေ့မှာတော့ လေဖိအားနည်းရပ်ဝန်းတစ်ခုကနေ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိပြီး ကနဦးမှာ မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားကာ နောက်ပိုင်းမှာတော့ မြောက်-အရှေ့မြောက်ဘက် မြန်မာ့ကမ်းရိုးတန်းဆီကို ရွေ့လျားမယ်လို့ မိုးဇလရဲ့ ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးဆက်လက်ရွာသွန်းဦးမှာဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းကျပြီး ရေပြင်မြေပြင်လေဟာ မိုင် ၄၀ လောက်အထိ တိုက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မေလဆန်းပိုင်းမှာ ငါးဖမ်းထွက်တဲ့တံငါသည်တွေ တတ်နိုင်သမျှ ပင်လယ်ထဲမထွက်ဖို့၊ မဖြစ်မနေထွက်ရမယ်ဆိုရင်လည်း အချိန်မီပြန်လာဖို့၊ သဘောၤ၊လှေတွေ ပင်လယ်ထဲမသွားကြဖို့၊ သဘာဝဘေးအန္တရာယ်တွေကို သတိပြုနေထိုင်ကြဖို့ကိုလည်း မိုးဇလက သတိပေးထားပါတယ်။


Author


က္က