တိုင်းနဲ့ ပြည်နယ် ၉ ခုမှာ အပူဒဏ်ကို သိသိသာသာခံစားရမှာဖြစ်ပါတယ်။
Mi Thawdar Aung

ရန်ကုန်တိုင်း၊မန္တလေးတိုင်းနဲ့ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၉ ခုမှာ မေလရဲ့ ပျှမ်းမျှအပူချိန်ထက် ၁ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်နဲ့အထက်ပိုနိုင်ပြီး အပူချိန် စံချိန်သစ်တင်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က Duwun ကိုပြောပါတယ်။

အပူချိန်စံချိန်သစ်တင်မယ့် တိုင်းနဲ့ပြည်နယ်တွေကတော့ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ မေလရဲ့ ပျှမ်းမျှအပူချိန်တိုင်းရှိနိုင်တယ်လု့ိ ထုတ်ပြန်ထားတာပါ။ ဒ့ါအပြင် မေလ ၂၀ ရက်အထိ နေ့အပူချိန်တွေအနေနဲ့ ကချင်ပြည်နယ်ကလွဲပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေအားလုံးမှာ ပုံမှန်အပူချိန်ထက် စံချိန်သစ်တင်မယ်လု့ိ ထုတ်ပြန်ထားတာပါ။

 မုတ်သုံဝင်ကာနီး မိုးကြိုကာလမှာ အခုလို အပူချိန်တွေမြင့်တက်ပြီး မိုးတိမ်တောင်တွေ ဖြစ်ပေါ်ကာ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေကျတာ၊ မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်ပြီး ကမ်းရိုးတန်းဒေသတွေနဲ့ အလယ်ပိုင်းဒေသတွေမှာ ပိုပြီး သတိထားရမယ်လို့ ဆိုပါတယ်။

“ ကမ်းရိုးတန်းဒေသတွေက ပိုဆိုးတာပေါ့။ မြေကြီးအပူက ပူတာရယ်၊ ပင်လယ်ရေငွေ့တွေက ရိုတ်ခတ်လို့ အပူနဲ့ ပေါင်းပြီး ရေနွေးဆူတဲ့အိုးထဲ နေရသလို ဖြစ်နေတာပေါ့။ အလယ်ပိုင်းဒေသတွေဆိုရင်လည်း ခြောက်သွေ့ပြီးပူနေတာပေါ့။ အဲဒါတွေက တော်တော်သတိထားရမယ့် အနေအထားပါ” လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က Duwun ကိုပြောပါတယ်။

ဒါ့အပြင် မေလ ၆ ရက်နဲ့ ၇ ရက်တို့မှာလည်း ဖျာပုံ၊ကြို့ပင်ကောက်နဲ့ ချောက်မြို့တို့မှာလည်း ပုံမှန်ထက်အပူချိန် စံချိန်သစ်တင်တဲ့အထိ မြင့်တက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဧပြီလ ၂၁ ရက်နေ့တုန်းကလည်း မြန်မာနိုင်ငံမှာ ၂၀၀၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအပူချိန် အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ယခင်အမြင့်ဆုံးအပူချိန်က ၂၀၀၄ခုနှစ်တုန်းက ၄၁ ဒဿ၈ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်ခဲ့ရာ အခု ၂၀၂၀ခုနှစ် ဧပြီလ ၂၁ရက်မှာတော့ အမြင့်ဆုံးအပူချိန် ၄၂ ဒဿမ၂ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့တယ်လို့သိရပါတယ်။


က္က