အဆိုပါလမ်းကိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဖွင့်လှစ်သွားမှာပါ။

အများပြည်သူကတောင်းဆိုမှုတွေရှိခဲ့ရင် မြို့တော်စည်ပင်အနေနဲ့ အစိုးရကိုတင်ပြပြီး ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ အမည်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာဖွင့်လှစ်သွားဖို့စီစဉ်ထားတဲ့ မန္တလေးမြို့က ၃၈ လမ်းကို အများပြည်သူတောင်းဆိုလာရင် ဒေါ်အောင်ဆန်းစုကြည်လမ်း ဒါမှမဟုတ် အောင်ဆန်းစုကြည်လမ်းလို့ နာမည်တပ်ခေါ်သွားဖို့စီစဉ်ပေးသွားမယ်လို့ မန္တလေးမြို့တော်စည်ပင်ကော်မတီကသိရပါတယ်။



“မြို့တော်စည်ပင်သာယာအနေနဲ့ကတော့ အဲဒီလမ်းကို မြို့သူမြို့သားများရဲ့ဆန္ဒအရ ဒီလိုနာမည်ပေးမယ်ဆိုရင်လည်း ငြင်းစရာရှိမယ်မထင်ပါဘူး၊ သို့သော် ဒီကိစ္စတွေက အစိုးရနဲ့လည်းပတ်သက်တဲ့အတွက်ကြောင့် ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုကျွန်တော်တို့ကတင်ပြရမယ်။အစိုးရအဖွဲ့ရဲ့အကြံပြုချက် တွေယူရမယ်။ အစိုးရအဖွဲ့ကခွင့်ပြုမယ်ဆိုလို့ရှိရင်တော့ ဒါကတရားဝင်နာမည်ပေးတဲ့အစီအစဉ်မျိုးဖြစ်သွားပါမယ်” လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က မီဒီယာများ ကိုပြောပါတယ်။




အသစ်ဖောက်လုပ်ပြီးစီးသွားပြီဖြစ်တဲ့ အဆိုပါလမ်းက မန္တလေး မဟာအောင်မြေမြို့နယ်အတွင်းက တပ်မတော်ပိုင်မြေနေရာကို အရင်ရှိပြီးသား ၃၈ လမ်း (လမ်း ၉၀ နဲ့ ၇၈ လမ်း ကြား)နဲ့ တစ်ဆက်တည်းဖြစ်သွားအောင် တပ်မတော်ကပေးလှူလိုက်တာပဲဖြစ်ပြီး တပ်မတော်နယ်မြေအတွင်း လမ်းဖောက်လုပ်ခွင့်ရအောင် အရင်အစိုးရလက်ထက်ကတည်းက ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ရာမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက တပ်မတော်ကပေးလှူခဲ့တာလို့သိရပါတယ်။

ဒီ ၃၈ လမ်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာဖွင့်မှာဖြစ်တယ်။ တပ်မတော်နဲ့ပြည်သူလူထုနဲ့ ချစ်ခင်စည်းလုံးညီညွတ်တဲ့သင်္ကေတတစ်ခုလိုဖြစ်တဲ့အတွက်ကြောင့်မလို့ ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ ဒါမှမဟုတ် အောင်ဆန်းစုကြည်လမ်းလို့နာမည်ပေးမယ်ဆိုရင်လည်း သင့်တော်ပါတယ်၊ ငြင်းမယ့်လူရှိမယ်လို့တော့မထင်ပါဘူး လို့လည်း ဦးကျော်ဆန်းမြင့်ကပြောပါတယ်။

အဆိုပါလမ်းသစ်ကြီးက နိုင်ငံတကာအဆင့်မီ ၆ လမ်းသွားလမ်းမကြီးတစ်ခုလည်းဖြစ်ပြီး လမ်းတစ်လျှောက် အကောင်းစားလျှပ်စစ်မီးတိုင်တွေ အရိပ်ရစိန်ပန်းပင်တွေနဲ့ မန္တလေး မြို့မှာဖောက်လုပ်ခဲ့သမျှ အကောင်းဆုံးလမ်းတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။

"လူတွေတောင်းဆိုရင်တော့ ကျွန်တော်တို့က(အစိုးရကို)တင်ပြသွားမှာပါ၊ ပြည်သူက ဒီလိုဆန္ဒရှိကြတယ်ဆိုရင်တော့ တင်ပြသွားမှာပါ" လို့ မန္တလေးမြို့တော်စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောပါတယ်။

Share

Loading Next Article...
က္က