ရဲအရာရှိ(၃)ဦးဟာ တရားခံရဲ့ဖခင်ဆီကနေ အမှုကိစ္စအဆင်ပြေအောင် ငွေကြေးကိုယ်စီရယူထားကြတာပါ။
Minn Nandar

ရဲအရာရှိ(၃)ဦးလုံးဟာ အမှုသည်ဆီက ငွေကြေးများရယူထားမှုကို စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အဂတိလိုက်စားမှုကော်မရှင်က လက်ရှိမှာ အမှုဖွင့်အရေးယူထားပြီး တရားစွဲဆိုသွားဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲအရာရှိ (၃) ဦးကို အဂတိလိုက်စားမှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဇွန်လ(၁၄) ရက်နေ့က အမှုဖွင့်အရေးယူလိုက်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အမှုဖွင့်အရေးယူခံရသူတွေကတော့ အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲမှူးသိန်းနိုင်(ယခု ဒုခရိုင်ရဲတပ်ဖွဲ့မှူး၊ ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊ ရဲအုပ်ကျော်သူ(ယခု ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့) နဲ့ ဒုရဲအုပ်ထွန်းထွန်းလင်းတို့ပဲဖြစ်ပြီး ၎င်းတို့ကို အမှုကိစ္စဆောင်ရွက်စဉ် ရာထူးတာဝန်အလွဲသုံးစားပြုပြီး အဂတိလိုက်စားခဲ့မှုနဲ့ အမှုဖွင့်အရေးယူခဲ့တာဖြစ်တယ်လို့ ကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။

"ဒီဟာနဲ့ပတ်သက်ပြီးတော့ တိုင်ကြားလာလို့ ကျွန်တော်တို့ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးပါတယ်၊ အမှုပေါ်ပေါက်တဲ့အတွက် အခုက တရားစွဲဆိုသွားဖို့ပြင်ဆင်နေပါတယ်" လို့ ဇွန်လ(၁၅)ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးဦးကျော်စိုးက Duwun ကိုပြောပါတယ်။

၎င်းတို့ဟာ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းမှာ (ပ)၃၄၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အမှုကိစ္စနဲ့ပတ်သက်ပြီး အမှုသည်ဆီကနေ ငွေကြေးရယူခဲ့တာအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ခံရတာလို့လည်းသိရပါတယ်။

ရဲမှူးသိန်းနိုင်ဟာ အမှုကိစ္စအဆင်ပြေစေဖို့အတွက်ဆိုပြီး အဲဒီအမှုရဲ့ တရားခံဆိုသူရဲ့ဖခင်ဆီကနေ ငွေကျပ်နှစ်သိန်းကိုလည်းကောင်း၊ အလားတူစွာပဲ ရဲအုပ်ကျော်သူကလည်း အမှုသက်သာစေဖို့ဆိုပြီး ငွေကျပ်နှစ်သိန်းနဲ့ မန္တလေးဗဟိုအကျဉ်းထောင်မပို့ဖို့အတွက် ငွေကျပ်နှစ်သိန်းတို့ကိုလည်းကောင်း၊ အမှုစစ်ဒုရဲအုပ်ထွန်းထွန်းလင်းကလည်း တရားခံဆိုသူအား မညှင်းပန်းမနှိပ်စက်ဖို့နဲ့အမှုကိစ္စအဆင်ပြေစေဖို့အတွက်ဆိုပြီး ငွေကျပ်တစ်သိန်းခွဲနဲ့ဖမ်းဆီးသိမ်းဆည်းထားတဲ့ မော်တော်ဆိုင်ကယ်ပြန်ရဖို့အတွက်ဆိုပြီး ငွေကျပ်နှစ်သိန်းခွဲတို့ကိုလည်းကောင်း လက်ခံရယူခဲ့တာကို စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့လည်း ကော်မရှင်ရဲ့သတင်းထုတ်ပြန်မှုမှာပါရှိပါတယ်။

"အခုက တရားစွဲဆိုသွားဖို့ပြင်ဆင်နေတာပါ ဘယ်ရက်ဆိုတာတော့ပြောမရသေးပါဘူး။ ဒီနေ့ကစနေတနင်္ဂနွေနေ့လည်းတိုက်ဆိုင်နေတော့ ပြောမရသေးပါဘူး" လို့လည်း ညွှန်ကြားရေးမှူးဦးကျော်စိုးကပြောပါတယ်။

ဒီအမှုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၆)အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းမှာ ဇွန်လ(၁၄)ရက်နေ့က တိုင်ကြားချက်ဖွင့်ပြီး တရားစွဲဆို အရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။


Author


က္က