သေဆုံးမှုတော့မရှိခဲ့ပါဘူး။
Minn Nandar

မန္တလေးမြို့လယ် လူစည်ကားတဲ့နေရာတစ်ခုမှာ စက်တင်ဘာ ၂၆ ရက် ည ၈ နာရီအချိန်ခန့်က ဆယ်ကျော်သက်လူငယ်တစ်ဦး ၃ ထပ်အဆောက်အဦပေါ်ကနေ ပြုတ်ကျမှုဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့ဆီက သတင်းရရှိပါတယ်။

Photo - Nectat Jame

အဆိုပါ ၃ ထပ်အဆောက်အဦပေါ်ကနေ ဖိနပ်ဆိုင်တစ်ဆိုင်ရှေ့ပြုတ်ကျခဲ့တာဖြစ်ပြီး လတ်တလောသတင်းအရ သေဆုံးမှုတော့မဖြစ်ခဲ့ဘူးလို့သိရပါတယ်။

"KTV ကနေခုန်ချထွက်ပြေးလာတာလို့ ပြောနေတာတွေရှိပေမယ့်လည်း ကျွန်တော်တို့ ဒါကိုအတည်ပြုလို့မရသေးပါဘူး၊ အခုက စစ်ဆေးဆဲပဲရှိပါသေးတယ်" လို့ နယ်မြေအပိုင်ရဲစခန်းဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် ၈ မြို့မရဲစခန်းမှရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ယမန်နေ့ည ၇ နာရီ မိနစ် ၄၀ အချိန်ခန့်က မန္တလေး ချမ်းအေးသာစံမြို့နယ် ၃၃ လမ်းနဲ့ ၇၈ လမ်းထောင့်အနီး Mandalay ဖိနပ်ဆိုင် Great Wall Center နဲ့ ဆက်နေတဲ့ ၃ ထပ်အဆောက်အဦပေါ်ကနေ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ရုတ်တရတ်ပြုတ်ကျလာလို့ အနီးအနားဖြတ်သန်းသွားလာသူတွေက ရဲတပ်ဖွဲ့ဆီအကူအညီလှမ်းတောင်းခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးပြီး လူမှုကူညီရေးအသင်းကားနဲ့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

အဆိုပါအမျိုးသားမှာ မေးရိုးကျိုးဒဏ်ရာရထားတာကြောင့် ဆေးရုံမှာပဲဆက်လက်ကုသမှုပေးထားပြီး ဒီဖြစ်စဉ်အပေါ် နယ်မြေအပိုင်ရဲတပ်ဖွဲ့က စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာ လူနာရဲ့အခြေအနေအရ စစ်ဆေးမေးမြန်းမှုမလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

"ပြုတ်ကျလာတယ်ဆိုတာတော့မှန်ပါတယ်၊ ခုန်ချတာလား ထွက်ပြေးတာလားတော့ အတည်ပြုမရသေးပါဘူး လူနာက မေးရိုးကျိုးအခြေအနေပါ အခုကဦးနှောက်နဲ့အာရုံကြောမှာကုသပေးထားရတယ်" လို့ အဆိုပါရဲအရာရှိကပြောပါတယ်။


က္က