စခန်းမှူးက မျက်လုံးထိသွားတာ မျက်ကြည်လွှာပါစိုးရိမ်ရတဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့က ကျူးကျော်နေအိမ်တွေကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝန်ထမ်းတွေက သွားရောက်ရှင်းလင်းစဉ် လုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကျူးကျော်နေထိုင်သူတွေရဲ့ ကျောက်ခဲ၊ တုတ်လက်နက်၊ အုတ်နီခဲတွေနဲ့ ပစ်ပေါက်တိုက်ခိုက်ခံရလို့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြောင်း နယ်မြေအပိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့မှာ မန္တလေးမြို့က ကျူးကျော်နေအိမ်တွေကို ရှင်းလင်းစဉ် ရဲတပ်ဖွဲ့က လုံခြုံရေးအဖြစ် လိုက်ပါဆောင်ရွက်စဉ် ကျူးကျော်နေထိုင်သူများရဲ့ တိုက်ခိုက်မှုခံခဲ့ရတယ်လို့ နယ်မြေအပိုင်ရဲတပ်ဖွဲ့က ဆိုပါတယ်။



"စခန်းမှူးက မျက်လုံးထိသွားတာ မျက်ကြည်လွှာပါစိုးရိမ်ရတဲ့အခြေအနေဖြစ်နေတယ်။ တခြားတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာတော်တော်များများရခဲ့ကြတယ်၊ စည်ပင်ဝန်ထမ်းတစ်ယောက်လည်းဒဏ်ရာရခဲ့တယ်၊ ကျူးလွန်သူတွေကို မနေ့ကပဲ အပြင်းအထန်နာကျင်စေမှုနဲ့အမှုဖွင့်လိုက်ပါတယ်" လို့ မန္တလေး ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်းမှတာဝန်ကျရဲတပ်ကြပ်ကြီးတစ်ဦးက Duwun ကို ပြောပါတယ်။

လုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့တဲ့ ရဲအရာရှိတစ်ဦးအပါအဝင်တပ်ဖွဲ့ဝင် ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပဲဖြစ်ပြီး နှစ်ဦးနှစ်ဖက်ပဋိပက္ခဖြစ်ခဲ့တာကနေစခဲ့တာလို့လည်း သတင်းတချို့ကဆိုပါတယ်။

ဒီဖြစ်စဉ်မှာ အမှတ် ၁၁ နယ်မြေရဲစခန်းမှ စခန်းမှူးဒုရဲမှူးဇော်နိုင်ဟာ လက်ဝဲဘက်မျက်ခုံးဖူးယောင်ဒဏ်ရာ ၁ ချက်(မျက်မှန်ကွဲ)နဲ့ လက်ဝဲဘက်လက်ဖမိုးဖုယောင်ဒဏ်ရာ ၁ ချက်၊ ရဲတပ်သားကျော်ဝင်းထွန်းမှာ ဝဲဘက်ခြေထောက်တစ်ချောင်းလုံးမှာ ဖုယောင်အောင့်နာဒဏ်ရာ ၁ ချက်၊ ရဲတပ်သားစိုးသူအောင်မှာ ဝဲဘက်နဖူးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ရဲမေရဲတပ်ကြပ်သန္တကျော်မှာ ဝဲဘက်လက်ဖျံဖုယောင်ဒဏ်ရာ ၁ ချက်၊ ရဲမေရဲတပ်သားယမင်းထွေးမှာ ယာဂျိုစောင်းပေါက်ပြဲဒဏ်ရာ ၁ ချက် ရခဲ့ကြပါတယ်။

ဒါ့အပြင် တိုင်းအကူတပ်ဖွဲ့ခွဲရုံးမှ ရဲတပ်သားသန့်ဇော်ထွေးမှာ ဝဲဘက်နဖူးထိပ် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ စည်ပင်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အောင်မျိုးချစ်မှာ ဝဲဘက်မျက်ခုံးဖုယောင်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ စည်ပင်အခွန်ဌာနမှကိုစန်းသူရမှာနဖူးတည့်တည့်ပေါက်ပြဲဒဏ်ရာ ၁ ချက်တို့အသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်နေ့မနက် ၆ နာရီအချိန်ခန့်က စခန်းမှူးဒုရဲမှူးဇော်နိုင်နဲ့အဖွဲ့ဟာ မြို့သစ် ၅ ရပ်ကွက် ၇၄ လမ်းအနောက်ဘက်က ကျူးကျော်နေအိမ်တွေကို စည်ပင်ကသွားရောက်ရှင်းလင်းရာမှာ လုံခြုံရေးအဖြစ်လိုက်ပါခဲ့ကြောင်း၊ စည်ပင်တာဝန်ရှိသူတွေက ကျူးကျော်နေအိမ်တွေကို အသာတကြည် ဖယ်ရှားပေးဖို့ခဲ့ပြောခဲ့ပေမယ့်လည်း ၁၂ နာရီခွဲအချိန်ခန့်မှာတော့ အဲဒီကျူးကျော်နေအိမ်တွေထဲကမှ နေဝင်းဦးဆောင်တဲ့လူအယောက် ၂၀ ခန့်က အော်ဟစ်ဆဲဆိုကာ ကျောက်ခဲ တုတ်လက်နက် အုပ်နီခဲတွေနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့ပါတယ်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုမှာ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦး နဲ့ စည်ပင်ဝန်ထမ်းတစ်ဦးတို့အပြင်းအထန်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ယခုဖြစ်စဉ်အပေါ် ရဲတပ်ဖွဲ့ကတာဝန်ဝတ္တရားဆောင်ရွက်နေစဉ် ဆဲဆိုပြီးပြင်းထန်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ နေဝင်းဦးဆောင်တဲ့လူ ၂၀ ကို ဒုရဲမှူးဇော်နိုင်ကိုယ်တိုင် တရားလိုပြုလုပ်တိုင်တန်းခဲ့တာကြောင့် အမှတ် ၁၁ နယ်မြေရဲစခန်းက (ပ)၄၃၉/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃/၂၉၄/၁၈၆/ ၁၁၄ တို့နဲ့ အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

ဒိဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူလို့ ယူဆရသူ ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး နေဝင်းအပါအဝင် လွတ်မြောက်နေသူတွေကိုတော့ ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ အဆိုပါ ရဲတပ်ကြပ်ကြီးက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က