နိုင်ငံလုံးဆိုင်ရာကွန်ရက်အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။
Minn Nandar

ဒီလှုပ်ရှားမှုကို ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလို့အမည်ပေးထားပြီး ရန်ကုန်မှာလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့စာချုပ်စာတမ်း ပြည်သူကိုချပြဖို့ အစိုးရဆီတောင်းဆိုခဲ့ပေမယ့်လည်း အစိုးရကလျစ်လျူရှုထားလို့ဆိုပြီး မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်နဲ့ပူးပေါင်းအဖွဲ့တွေဟာ ဒီကနေ့မနက်ပိုင်းက မန္တလေးမြို့မှာ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။

“မြစ်ဆုံဆည်နဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုသိချင်တဲ့စာချုပ်စာတမ်းကိစ္စချပြပေးဖို့ ပြီးခဲ့တဲ့လ ၂၈ ရက်က ရန်ကုန်မှာတောင်းဆိုခဲ့တယ်၊ ဒါပေမယ့်လည်း အစိုးရကလျစ်လျူရှုထားတုန်းပဲဖြစ်နေတယ်၊ ဘာဖြစ်လို့ချမပြချင်တာလဲ၊ အစိုးရမှာဘာအခက်အခဲတွေရှိနေလို့လဲ ဒါကိုသိချင်တယ်၊ ဒါကြောင့်မို့လိုလည်း ဒီနေ့ကစပြီး ပြည်သူလူထုအသိပေးလှုပ်ရှားမှုတွေလုပ်သွားဖို့ဆုံးဖြတ်ခဲ့ကြတာပါ” လို့ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်ရဲ့ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာအောင်စိုးမြင့်က Duwun ကိုပြောပါတယ်။

ဒီလှုပ်ရှားမှုကို ဧရာဝတီမြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း လို့အမည်ပေးခဲ့ပြီး ဒီကနေ့ကစလို့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ တစ်ပြိုင်နက်တည်းပြုလုပ်သွားဖို့စီစဉ်ခဲ့ကြတယ်လို့သိရပါတယ်။

“ရန်ကုန်မှာတော့ ဒီကနေ့မလုပ်ဖြစ်ဘူး မနက်မှလုပ်ကြမယ် ကျွန်တော်တို့က ဒီလှုပ်ရှားမှုကို မန္တလေးမြို့ကလူစည်ကားတတ်တဲ့နေရာတွေမှာ ပညာပေးစာစောင် စောင်ရေတစ်ထောင်ဖြန့်ဝေသွားမယ်၊ မန္တလေးမြို့မှာသာမကဘဲ အခြားမြို့ကြီးတွေမှာပါ ဆက်လက်ပြုလုပ်သွားဖို့အစီအစဉ်ရှိတယ် ဘာဖြစ်လို့လည်းဆိုတော့ ဒီစီမံကိန်းကိစ္စ ပြည်သူတွေမျက်ခြေပျက်သွားလို့မဖြစ်ဘူး ကျွန်တော်တို့ဘက်ကလည်း ဒီစီမံကိန်းနဲ့ပတ်သက်တဲ့စာချုပ်စာတမ်းကိစ္စ ဆက်လက်တောင်းဆို နေမှာပါ၊ ပြည်သူသိသင့်သိထိုက်လို့ ကျွန်တော်တို့တောင်းဆိုနေတာပါ မြစ်ဆုံကိစ္စကိုပြည်သူ့အားနဲ့ဝိုင်းကြမှအဆင်ပြေမှာပါ” လို့လည်း ဒေါက်တာအောင်စိုးမြင့်ကဆိုပါတယ်။

ဒီကနေ့လှုပ်ရှားမှုကို မန္တလေး မဟာအောင်မြေမြို့နယ် ၇၃ လမ်း နဲ့ ၃၈ လမ်းမီးပွိုင့်အနီးပြုလုပ်ခဲ့ကြတာပဲဖြစ်ပြီး မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက်နဲ့အတူ မန္တလေးမြို့က စိမ်းရောင်စို Activities အပါအဝင် မြစ်ဆုံအရေးစိတ်ဝင်စားကြတဲ့အရပ်ဖက်လူမှုအဖွဲ့အစည်းတွေပါဝင်ခဲ့ကြပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးဖို့နဲ့ စာချုပ်ပါအချက်အလက်တွေကို ပြည်သူအားချပြဖို့ဆိုပြီး မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးနိုင်ငံလုံး ဆိုင်ရာကွန်ရက်ဦးဆောင်မှုနဲ့ ရန်ကုန်မြို့မှာတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အစိုးရကအခုအထိလျစ်လျူရှုနေလို့ဆိုပြီး အခုလိုလှုပ်ရှားမှုတွေနဲ့ဆက်လက်တောင်းဆိုသွားဖို့ စီစဉ်ခဲ့ကြတာပါ။


က္က