သြဂုတ်လ(၁၃)ရက်နေ့ညကဖြစ်ပွားခဲ့တာပါ။

အခင်းဖြစ်စဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင် ဦးမျိုးလွင်မှာ ယာဘက်လက်ညှိုးပြတ်ရှဒဏ်ရာနဲ့ ဝဲတံတောင်ဆစ်ပြတ်ရှဒဏ်ရာတို့ရခဲ့လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

photo- မန္တလေးတိုင်း NLD ပါတီဝင်များ



မန္တလေး အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်ထဲကလက်ဖက်ရည်ဆိုင်တစ်ခုမှာ သြဂုတ်လ(၁၃)ရက်နေ့ည ၁၀ နာရီအချိန်ခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်အဆင့်အလုပ်အမှုဆောင်တစ်ဦး လူတစ်စုရဲ့ဓားခုတ်ထိုးကြိတ်ခံခဲ့ရတယ်လို့ မန္တလေးခရိုင်ပြန်ကြားရေးကော်မတီဆီကသိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်အဆင့်အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးမျိုးလွင်(အသက် ၅၄ နှစ်)ဆိုသူကို အမည်မသိလူတစ်စုက ဓားနဲ့ခုတ်လက်သီးနဲ့ထိုးကြိတ်ပြီး ထွက်ပြေးသွားတာပါ။

"ကိုမျိုးလွင်ရယ်၊ ကိုထွန်းထွန်းရယ်၊ နောက်တစ်ယောက်ရယ် လက်ဖက်ရည်အတူထိုင်သောက်နေတုန်း လူငယ် ၄ ယောက်လောက်ရှိမယ်ထင်တယ် ဆိုင်ကယ်တွေနဲ့ရောက်လာပြီး ထိုးကြကြိတ်ကြတယ်။ အဲဒီထဲကတစ်ယောက်က ဓားနဲ့ခုတ်သွားတာပါ၊ ပြီးတော့ထွက်ပြေးသွားကြတယ်။ ကျွန်တော်တို့အုပ်စုတွေအပေါ်မဲထားပြီး လာလုပ်တာလို့ယူဆရပါတယ်" လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးခရိုင်ပြန်ကြားရေးတာဝန်ခံဦးစိန်လှအောင်က Duwun ကိုပြောပါတယ်။

photo- မန္တလေးတိုင်း NLD ပါတီဝင်များ

ဖြစ်စဉ်နဲ့ပတ်သက်လို့ အောင်မြေသာစံမြို့နယ်မြို့မရဲစခန်းရဲ့မှတ်တမ်းအရသိရတာကတော့ မနေ့ကည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က မန္တလေး အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက် ၈၉ လမ်း၊ ၁၇ လမ်းနဲ့ ၁၈ လမ်းကြားက ကောင်းစံလက်ဖက်ရည်ဆိုင်မှာ ဦးမျိုးလွင်(အသက် ၅၄ နှစ်)၊ ဦးထွန်းထွန်း၊ ဦးကျော်တင့်တို့ ၃ ဦးဟာလက်ဖက်ရည်အတူထိုင်သောက်နေစဉ် ဆိုင်ကယ်နှစ်စီးနဲ့အမည်မသိလူငယ် ၅ ဦးရောက်လာပြီး "ချချ ခုတ်ခုတ်" လို့ပြောဆိုကာ ဦးမျိုးလွင်တို့အား ဓားနဲ့ခုတ်လက်သီးနဲ့ထိုးကြိတ်ပြီး ဆိုင်ကယ်တွေနဲ့ထွက်ပြေးသွားကြောင်း၊အခင်းဖြစ်စဉ်အတွင်း ဦးမျိုးလွင်မှာ ယာဘက်လက်ညှိုးပြတ်ရှဒဏ်ရာနဲ့ ဝဲတံတောင်ဆစ်ပြတ်ရှဒဏ်ရာတို့ရခဲ့လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီပို့ဆောင်ကုသမှုပေးထားကြောင်း သိရပါတယ်။

"ဒဏ်ရာနှစ်ချက်စလုံးကအပြင်းအထန်ဖြစ်ပါတယ်။ ဆရာဝန်ကြီးကအရိုးထိလားလို့စစ်ကြည့်တာတော့ မထိဘူးလို့ လတ်တလောသိထားပါတယ်။ အခုက ရဲစခန်းမှာအမှုဖွင့်ထားပြီးပါပြီ" လို့လည်း ဦးစိန်လှအောင်ကပြောပါတယ်။

ဒီဖြစ်စဉ်အပေါ် အောင်မြေသာစံမြို့နယ်မြို့မရဲစခန်းက (ပ)၅၆၆/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၄/၃၂၃/၁၁၄(လက်နက်ဖြင့်နာကျင်စေမှု၊ အားပေးကူညီမှု)တို့နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က