ချုပ်ရက်ရမန်ယူဖို့တရားရုံးခေါ်လာစဉ်ထွက်ပြေးလွတ်မြောက်သွားတာပါ။
Ei Ei Htun

ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သား မောင်မောင်(ခ)ငမောင်နဲ့ပတ်သက်ပြီး သူနဲ့အတူချုပ်နှောင်ခံထားရတဲ့ ကျန်တဲ့တရားခံနှစ်ဦးနဲ့ အချုပ်ခန်းစောင့်ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးမေးမြန်းနေမှုတွေပြုလုပ်နေတယ်လို့ ရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ခိုးမှုနဲ့ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့အချုပ်သားတစ်ယောက်ဟာ ချုပ်ရက်ရမန်ယူဖို့အတွက် တရားရုံးဆီခေါ်ဆောင်လာစဉ် တရားရုံးအချုပ်ခန်းကနေထွက်ပြေးလွတ်မြောက်သွားတဲ့ဖြစ်စဉ်တစ်ခု မန္တလေးမြို့မှာယမန်နေ့ကဖြစ်ပွားခဲ့ပါတယ်။

ယမန်နေ့ဩဂုတ်လ ၂၉ ရက်နေ့မနက် ၉ နာရီအချိန်ခန့်က အောင်မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်းမှာ ခိုးမှုနဲ့ဖမ်းဆီးချုပ်နှောင်ထားတဲ့တရားခံခင်မောင်ရီ(ခ)စိုးသူ၊ စည်သူလွင်(ခ)ရဲရင့်နဲ့ မောင်မောင်(ခ)ငမောင်တို့ ၃ ဦးကို အောင်မြေသာစံမြို့နယ်တရားရုံးဆီ ချုပ်ရက်ရီမန်ယူဖို့အတွက် ခေါ်ဆောင်လာပြီး အချုပ်ခန်းအတွင်းချုပ်နှောင်ထားစဉ်မောင်မောင်(ခ)ငမောင် အသက်(၂၆) နှစ်ဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ သူဟာ ရဲစခန်းမှာ (ပ)၅၇၆/၂၀၁၉၊ ရာဇာတ်သတ်ကြီးပုဒ်မ ၃၈၀ နဲ့ဖမ်းဆီးအမှုဖွင့်ချုပ်နှောင်ခံထားရတာဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားမှုနဲ့ပတ်သက်လို့ ကျန်ရှိတရားခံနှစ်ဦးနဲ့ အချုပ်ခန်းစောင့်ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးမေးမြန်းနေကြောင်း ရဲမှတ်တမ်းအရသိရပြီး တရားခံဖမ်းဆီးရမိဖို့အတွင်ဆောင်ရွက်နေတယ်လို့ ရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့အဲဒီအချုပ်သားဟာ သြဂုတ်လ ၂၈ ရက်နေ့မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ထဲကအိမ်တစ်အိမ်ကနေ ငွေကျပ်သိန်း ၁၂၀ ကျော်ခိုးယူမှုနဲ့ အဲဒီနေ့ညနေပိုင်းက အောင်မြေသာစံမြို့နယ်အမှတ် ၅ ရဲစခန်းမှာ ဖမ်းဆိးအမှုဖွင့်ချုပ်နှောင်ခံထားရတာဖြစ်ပြီး ယမန်နေ့မနက်ပိုင်း မြို့နယ်တရားရုံးဆီ ချုပ်ရက်ရမန်ယူဖို့အတွက် တရားရုံးအချုပ်ခန်းထဲထည့်ထားစဉ် ထွက်ပြေးလွတ်မြောက်သွားတာလို့သိရပါတယ်။


က္က