ကျောင်းလွှတ်ချိန်မှာ မော်တော်ဆိုင်ကယ်နဲ့ ခေါ်ဆောင်သွားခဲ့တာပါ။

၉ နှစ်အရွယ် ကျောင်းသူလေးကို ခေါ်ဆောင်သွားသူက ကျောင်းသူလေးရဲ့မိခင်ဆီမှာ လပေးနဲ့ ထမင်းစားနေသူဖြစ်ပြီး ကျောင်းဆင်းချိန်မှာ ခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။

အသက် ၉ နှစ်အရွယ် ၄ တန်းကျောင်းသူလေးအား အသက် ၂၇ နှစ်အရွယ် ကျပန်းအလုပ်သမားက ကျောင်းလွှတ်ချိန်မှာ မော်တော်ဆိုင်ကယ်နဲ့ တစ်ညတာ ခေါ်ဆောင်သွားမှု မန္တလေးမြို့မှာဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံရဲစခန်းကနေ သိရပါတယ်။



“အဲဒီလူက ကလေးမလေးရဲ့အမေဆီမှာ ထမင်းလပေးစားရင်းနဲ့ ရင်းနှီးခဲ့တယ်ထင်ပါတယ်၊ အဲဒီနေ့ကတော့ ကလေးမလေးကျောင်းဆင်းချိန်မှာ အဲဒီလူက သွားခေါ်ပြီးတစ်ညပျောက်သွားတယ်၊ နောက်ရက်မှာ ပြန်လာပို့တဲ့အချိန် ကလေးမလေးကို ရှာဖွေသူတွေနဲ့တန်းတိုးပြီး သူတို့က ရဲစခန်းအပ်လိုက်ကြတာပါ" လို့ ဖမ်းဆီးစဉ် ပါဝင်ခဲ့တဲ့တာဝန်ရှိသူတစ်ဦးက Duwun ကို ပြောပါတယ်။

ထိုလူက မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့ခြင်း ရှိမရှိဆိုတာကိုတော့ စစ်ဆေးဆဲဖြစ်ပါတယ်။ ခေါ်ဆောင်သွားခံရတဲ့ မိန်းကလေးက မန္တလေး အမရပူရမြို့နယ်အတွင်းက ကျေးရွာတစ်ရွာရဲ့မူလတန်းကျောင်းမှ ၄ တန်းကျောင်းသူဖြစ်ပြီး ၎င်းအားခေါ်ဆောင်သွားသူမှာ ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာနေ အောင်အောင်(အသက် ၂၇ နှစ် ကျပန်းအလုပ်သမား)ဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁ ရက်နေ့ ကျောင်းဆင်းချိန်က အောင်အောင်ဟာ ကျောင်းသူလေးကို ကျောင်းမှာသွားကြိုပြီး မော်တော်ဆိုင်ကယ်နဲ့ အောင်မြေသာစံမြို့နယ် ၂၂ လမ်းဘက်ခေါ်ဆောင်သွားပြီး ၎င်းရဲ့မွေးစားအဖေဆီက ငွေကျပ် ၂ သောင်းတောင်းဖို့ စောင့်ဆိုင်းခဲ့ကြောင်း၊ ကျောင်းသူလေးက အိမ်ပြန်ပို့ပေးဖို့ပြောတဲ့အခါမှာတော့ အောင်အောင်က မော်တော်ဆိုင်ကယ် ဆီဖိုးမရှိတာရယ် အနီးအနားမှာ ရဲတပ်ဖွဲ့ဝင်တွေရှိနေတာရယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မနက်မှပို့ပေးမယ်လို့ပြန်ပြောခဲ့ကြောင်း၊ အဲဒီနေ့တစ်ညတာကို ပိတ်ထားတဲ့ လမ်းဘေးထမင်းဆိုင်တစ်ဆိုင်မှာ ညအိပ်ခဲ့ကြောင်း၊ ဇူလိုင်လ မွန်းလွဲ ၃ နာရီခွဲ အချိန်ခန့်မှာတော့ မော်တော်ဆိုင်ကယ်နဲ့ အိမ်ပြန်ပို့စဉ် အမရပူရမြို့နယ် ရှမ်းကလေးကျွန်းကျေးရွာအနီးကားလမ်းပေါ်မှာ ကျောင်းသူလေးကို လိုက်လံရှာဖွေကြ သူတွေနဲ့တွေ့ခဲ့ကြောင်း၊ အောင်အောင်ကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အမျိုးသမီးရေးရာတာဝန်ရှိသူတွေကိုယ်တိုင် အမရပူရမြို့နယ်ရဲစခန်းသို့ ဖမ်းဆီးအပ်နှံခဲ့ကြောင်း ရဲမှတ်တမ်းကဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်အပေါ် ရဲစခန်းက (ပ)၄၈၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ကနဦးအမှုဖွင့်ထားပြီး ကျောင်းသူလေးကိုတော့ ဆေးစစ်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က