စက်ကိုတင်ဆင်နေရာ ၇၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။
Mi Thawdar Aung

မန္တလေးတိုင်းအပါအဝင် အထက်မြန်မာပြည်က COVID-19 သံသယလူနာရဲ့ ဓာတ်ခွဲနမူနာတွေကို မန္တလေးမြို့မှာပဲ စစ်ဆေးတော့မယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၂၈ ရက်ကပြုလုပ်တဲ့ COVID-19 ကာလအတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့ဆောင်ရွက် ထားမှုတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့တာပါ။ COVID-19 ရောဂါပိုးရှိ၊မရှိစစ်ဆေးတဲ့စက်ကိုတော့ စင်ကာပူနိုင်ငံက အလှူရှင် လှူဒါန်းတာဖြစ်ပြီး စက်နဲ့ အဆောက်အဦးပြင်ဆင်မှုတွေ လုပ်နေတာကလည်း ၇၀ ရာခိုင်နှုန်းလောက်ပြီးစီးနေပြီဖြစ်လို့ မေလနောက်ဆုံးပတ်မှာ စတင်စစ်ဆေးပေးမယ်လို့လည်း ဆိုပါတယ်။

“ စက်ကိုတော့ FDA ရုံးခန်းအဟောင်းမှာထားဖို့ပြင်ဆင်နေပါပြီ။ မေလကုန်ပိုင်းလောက်စတင် စစ်ဆေးပေးနိုင်မယ်လို့ခန့်မှန်းပါတယ်။ အခုလောလောဆယ် ဓာတ်ခွဲခန်းပစ္စည်းတွေလည်း မှာယူထားပြီးဖြစ်ပါတယ်။ “လု့ိ ဝန်ကြီး ဦးစိုင်းပန်းဆိုင်ကဆိုပါတယ်။

မန္တလေးမြို့မှာ စက်တင်ဆင်ပြီးရင်တော့ မန္တလေးနဲ့ အထက်မြန်မာပြည်ဒေသတစ်ခုလုံးက ဓာတ်ခွဲနမူနာတွေကို အချိန်နဲ့တပြေးညီစစ်ဆေးဆောင်ရွက်ပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။

လက်ရှိတော့ ဒီစက်ထားရှိဖို့အတွက် မန္တလေးမြို့ ၃၅ လမ်း၊ ၆၄ လမ်းနဲ့ ၆၆ လမ်းကြားက FDA ရုံးခန်းအဟောင်းမှာထားရှိဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးရှိစစ်ဆေးတဲ့စက်က ရန်ကုန်မြို့က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)မှာပဲ ရှိတာဖြစ်သလို တပ်မတော်က စစ်ဆေးပေးမယ့် စက်ကလည်း တပ်ဆင်ဆဲဖြစ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့စစ်ဆေးရာမှာ အချိန် ကြန့်ကြာမှုတွေလည်းရှိနေပါတယ်။

လက်ရှိ ဓာတ်ခွဲစစ်ဆေးမှုတွေကိုတော့ ဆေးသုတေသနဦးစီးဌာနနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန တို့မှာအဓိက စစ်ဆေးနေပြီး တစ်နေ့ကို လူနာကို ၄၀၀ နီးပါးခန့်ကိုစစ်ဆေးနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာပဲ AA Medical Product ကုမ္ပဏီက လှူဒါန်းတဲ့ စက်ကိုလည်း ပြင်ဆင်နေရာ မေလပထမပတ်အတွင်းစတင်စစ်ဆေးနိုင်တော့မယ်လို့လည်းသိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က