ဇွန်လ ၁၅ ရက်အထိ မှတ်ပုံမတင်ထားတဲ့ SIM Card ၁၁ သန်းခွဲလောက်ရှိတယ်လို့ သိရပါတယ်။
Ei Ei Mar

SIM Card မှတ်ပုံတင်ခြင်းကို ပိတ်လိုက်ပြီဖြစ်တာကြောင့် ယနေ့ ဇူလိုင် ၁ ရက်ကစပြီး မှတ်ပုံမတင်ထားတဲ့ SIM Card တွေကို ပိတ်သိမ်းနေပြီလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ကသိရပါတယ်။

လူတစ်ယောက် မှတ်ပုံတင်တစ်ခုကို SIM Card နှစ်ကဒ်သာ ကိုင်ခွင့်သတ်မှတ်ထားတာကြောင့် နာမည်တစ်ခုတည်းနဲ့ အများကြီး မှတ်ပုံတင်ထားတဲ့ SIM Cardတွေကို ပိတ်သိမ်းမှာဖြစ်ပါတယ်။ 

"ကိုယ့်မှတ်ပုံတင်နဲ့ကို ပြန်မှတ်ပုံတင်ပါ ကြေညာတယ်။ဖေဖော်ဝါရီလမှာ စာရင်းတွေအရ ၂၈ သန်းလောက် ကျန်တယ်၊မှတ်ပုံမတင်ရင်ပိတ်သိမ်းမယ် ကြေညာလိုက်တော့ တချို့တွေက လုပ်လာကြတယ်။ ဒီတော့ ၁၂ သန်းကျော်လောက်ကျန်တယ်။ အခုဆိုရင် ပြီးခဲ့တဲ့ ၁၅ ရက်လောက်အထိဆိုရင် ၁၁ သန်းခွဲလောက်ကျန်တာတွေ့ရတယ်၊မနေ့က တစ်နေ့ကမှလုပ်တာလည်းရှိတယ် လူတွေကလည်း သဘောတရားအရ ကပ်ပြီးလုပ်ကြတာများတယ်။ မှတ်ပုံမတင်ထားတဲ့ SIM Card တွေကိုတော့ အပြီးပိတ်လိုက်မှာဖြစ်ပါ တယ်။ ဒီနေ့ အော်ပရေတာတွေက စပိတ်နေပါပြီ၊"လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ယနေ့ ဇူလိုင်လ ၁ ရက်နေ့မှာ ပြောပါတယ်။

SIM Card များ မှတ်ပုံတင်နေကြစဉ် (ဓာတ်ပုံ - သက်စိုး)

ဇွန်လ ၁၅ ရက်နေ့အထိ ရရှိထားတဲ့ SIM Card မှတ်ပုံတင်မထားတဲ့ အရေအတွက်ဟာ ၁၁ သန်း ခွဲလောက်ရှိနေတယ်လို့သိရပါတယ်။ တရားဝင်ပိတ်သိမ်းမယ့် SIM Card စာရင်းကိုတော့ မနက်ဖြန်၊ သန်ဘက်ခါ လောက်မှ သိရနိုင်မှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်ကစပြီး မှတ်ပုံတင်တစ်ခုကို SIM Card နှစ်ခုသာ မှတ်ပုံတင်ပြီး အသုံးပြုဖို့သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲမှာ SIM Card တွေကိုမှတ်ပုံတင်ဖို့ တရားဝင်အသိပေးကြေညာခဲ့ပြီး၊ တချို့SIM Card တွေကို ဖုန်းအဝင် (သို့မဟုတ်) ဖုန်းအထွက် ပိတ်တာတွေရှိခဲ့ပါတယ်။

 အော်ပရေတာတွေဟာ အစိုးရရဲ့ ညွှန်ကြားချက်အပေါ်မှာ လိုက်နာမှုအားနည်းသလို ၊ အရောင်းဆိုင်တွေကလည်း SIM Card တွေ မှတ်ပုံတင်ရောင်းချတဲ့အခါမှာ သက်သေခံအားနည်းချက်တွေရှိပြီး မှတ်ပုံတင်မထားတဲ့ SIM Card တွေ အများအပြား ရှိနေတယ်လို့ ဆိုပါ တယ်။

၂၀၁၇ ခုနှစ် နောက်ပိုင်းမှာ မှတ်ပုံမတင်ထားတဲ့ SIM Card ၆ ဒသမ ၅ သန်းကို ပိတ်သိမ်းခဲ့ပြီးဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကသိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


က္က