အမေရိကန်နိုင်ငံသားကတော့ အာမခံပြင်ပကနေ တရားရင်ဆိုင်ခဲ့ပါတယ်။
Minn Nandar

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါးဇွန်မြို့နယ် မြို့သာစက်မှု ဥယျာဉ် စီမံကိန်းအတွင်း ဆေးခြောက်စိုက်ခင်း စိုက်ပျိုးထားတယ်လို့ ဆိုကာ တရားစွဲခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးနဲ့ အမေရိကန် နိုင်ငံသား တို့ကို ဒီကနေ့ သြဂုတ်လ ၁၉ ရက်က မြင်းခြံခရိုင်တရားရုံးမှာ (၉) ကြိမ်မြောက် ရုံးချိန်းစစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာတော့ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki အာမခံနဲ့ပြင်ပကနေ တရားရင်ဆိုင်ခွင့်ရခဲ့ပေမယ့် လည်း မြန်မာနိုင်ငံသားနှစ်ဦးကတော့ ဒီကနေ့အထိ အာမခံတင်လာတာမရှိသေးပါဘူး။

"တကယ်ကတော့ဥပဒေကရှိပြီးသားပါ။ သေဒဏ်ကျွန်းဒဏ်ထိုက်တဲ့ပုဒ်မမှာတောင်မှ မိန်းကလေးဖြစ်ရင် နာမကျန်းဖြစ်ရင် ၁၆ နှစ်အောက်ဖြစ်ရင် အာမခံပေးနိုင်တယ်လို့ပြဋ္ဌာန်းထားတယ်။ မရွှန်းလဲ့က အဲဒါတွေနဲ့ကိုက်ညီပါတယ်။ ဒါပေမယ့်လည်း ဒါမျိုးကိုအာမခံပေးဖို့ဆိုတာက အလွန်အန္တရာယ်ကြီးတယ်လို့ယူဆမှာစိုးလို့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးတော့ အာမခံလျှောက်ဖို့ ကျွန်တော်တို့ကြိုးစားမှာပါ။ အခုက အလကားဖြစ်သွားမှာစိုးလို့ အာမခံမလျှောက်တာပါ" လို့ တရားစွဲခံရသူတွေဘက်က တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦးက ပြောပါတယ်။

ဒီနေ့ သြဂုတ်လ ၁၉ ရက် (၉) ကြိမ်မြောက်ရုံးချိန်းမှာတော့ တရားလိုပြသက်သေဖြစ်တဲ့ မြို့သာစက်မှု ဥယျာဉ်စီမံကိန်း ဥက္ကဌ ဦးအောင်ဝင်းခိုင်ကို စစ်ဆေးခဲ့တာပါ။

"ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအမှုကအာမခံပေးတဲ့အမှုမဟုတ်ဘူး။ မစ္စတာဂျွန်မှာကျတော့ ထူးခြားချက်တွေရှိတယ်။ ကျန်းမာရေးအရရယ်။ နှစ်နိုင်ငံဆက်ဆံရေး အရ သူတို့သံရုံးက လိုလိုလားလားနဲ့အကျဉ်းဦးစီးကိုမေတ္တာရပ်ခံတယ် ။ ဂျွန်ဟာ လုံလောက်တဲ့ဆေးဝါးကုသမှုမရရင်အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ မေတ္တာရပ်ခံလာလို့ အလွန်ထူးခြားတဲ့ ချွင်းချက်တစ်ခုအဖြစ်နဲ့ အာမခံရခဲ့တာပါ" လို့လည်း တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦးကပြောပါတယ်။ 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်း ဆေးခြောက်စိုက်ခင်းစိုက်ပျိုးနေတယ်ဆိုပြီး ဧပြီလအတွင်းက လူမှုကွန်ရက်စာမျက်နှာပေါ်ပျံ့နှံ့ခဲ့ရာ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာဌာနတွေက ဧပြီလ ၂၂ ရက်ကဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးမှုအရ စိုက်ပျိုးပင်တွေကို နမူနာယူဓာတ်ခွဲစမ်းသပ်ကြည့်တာမှာ ဆေးခြောက်(Cannabis)ဖြစ်ကြောင်း စစ်ဆေးတွေ့ရတာကြောင့် စိုက်ခင်းတာဝန်ခံမြန်မာနိုင်ငံသားနှစ်ဦးနဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

အသက် ၆၃ နှစ်အရွယ် အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki အပါအဝင် အသက် ၃၇ နှစ်အရွယ် ကိုရှိန်းလတ်နဲ့ အသက် ၂၃ နှစ်အရွယ် မရွှန်းလဲ့မြတ်နိုး တို့ကို ဖမ်းဆီးခဲ့ပြီး အမေရိကန်နိုင်ငံသားကိုတော့ ကျန်းမာရေးမကောင်းလို့ ပြီးခဲ့တဲ့ရုံးချိန်းက ကျပ်သိန်းသုံးထောင်နဲ့အာမခံပေးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးထားသူ Mr. John Fredric Todoroki နဲ့ မြန်မာနိုင်ငံသားနှစ်ဦးတို့ကို မူးယစ်ဆေးဝါနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(က)(ခ)/၁၉(က)/ ၂၀(က)(ခ)တို့နဲ့အမှုဖွင့်ထားပြီး နောက်ရုံးချိန်းကို လာမယ့်သြဂုတ်လ ၂၉ ရက်ကို ချိန်းဆိုထားပါတယ်။


က္က