ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ခံယူခဲ့ပါတယ်။

မိမိနဲ့ မိမိ ဘာသာဝင်တွေ၊ မတူညီတဲ့ ဘာသာဝင်တွေ မိမိရဲ့ တိုင်းသူ ပြည်သားတွေကို စိတ်ချမ်းသာမှု ပေးချင်လို့ အကောင်းဆုံးလုပ်ဆောင်မယ်လို့ ကတိပြုတာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ချုပ် အကြီးအကဲ အဖြစ် ကတိခံယူပွဲ ပြုလုပ်ရာမှာ ပြောကြားခဲ့ပါတယ်။

Photo- YRG

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူပွဲ ပြုလုပ်တဲ့ အခမ်းအနားကို ဇူလိုင် ၂၀ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံက လမ်းညွှန်အမှာစကားပြောကြားရာမှာ မိမိကိုးကွယ်တဲ့ ဘာသာ၊ တိုင်းပြည်အတွက် အကောင်းဆုံး ဆောင်ရွက်မည်ဆိုတာ စိတ်ချမ်းသာမှု ပေးခြင်းဖြစ်ကြာင်း၊ စိတ်ချမ်းသာမှု ပေးချင်တာကြောင့် ကူညီမယ်လို့ ကတိပြုတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကင်းထောက်လှုပ်ရှားမှုရဲ့  အခြေခံဟာ တစ်ယောက်နဲ့ တစ်ယောက်ကို စိတ်ချမ်းသာမှုပေးခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ကတိသစ္စာပြုလိုက်တဲ့အခါမှာ ကိုယ့်ရဲ့ ကိုးကွယ်တဲ့ ဘာသာ၊ တိုင်းပြည်အတွက် အကောင်းဆုံး ဆောင်ရွက်မယ်ဆိုတာလည်း စိတ်ချမ်းသာမှုပေးခြင်းမျိုးပါပဲ။ ကိုယ်နဲ့ ကိုယ့်ဘာသာဝင်တွေ၊ မတူညီတဲ့ ဘာသာဝင်တွေ ကိုယ့်ရဲ့ တိုင်းသူပြည်သားတွေကို စိတ်ချမ်းသာမှုပေးချင်လို့ ကျွန်မတို့ အကောင်းဆုံးလုပ်ဆောင်မယ်လို့ ကတိပြုတာပါ” လို့ ဆိုပါတယ်။

Photo - YRG

ကင်းထောက်တွေရဲ့ ကတိအရ အချိန်မရွေး ကူညီမယ်ဆိုတာကလည်း အများကို ကူညီတယ်ဆိုတာဟာ စိတ်ချမ်းသာမှု ပေးချင်လို့ ကူညီမယ်လို့ ကတိပြုတာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ ဆက်လက်ပြီး ကျင့်ဝတ် ဆယ်ပါး တစ်ခုထဲမှာ ပါဝင်တဲ့ ယဉ်ကျေးသိမ်မွေ့ရမယ်ဆိုတာကို လူတော်တော်များများနားမလည်တော့ဘဲ လူ့ အသိုင်းအဝိုင်းမှာ အေးချမ်းဖို့၊ တည်ငြိမ်ဖို့ ဆိုရင် ယဉ်ကျေးသိမ်မွေ့ရတယ်လို့ ဆိုပါတယ်။

“တစ်ချို့တွေက ယဉ်ကျေးသိမ်မွေ့တာကို ခေတ်မရှိဘူး။ ရှေးဆန်တယ်လို့ ထင်ကျတယ်။ အခုခေတ်မှာ ခပ်ပြတ်ပြတ်၊ ခပ်မာမာ၊ ခပ်ရိုင်းရိုင်းလေး ဆက်ဆံတာကိုပဲ သိပ်ပြီးတော့ ခေတ်မီတယ်။ တက်ကြွတယ်လိုလို့ထင်တယ်ကြတယ်။ ဒါတက်ကြွတာ မဟုတ်ပါဘူး ရိုင်းတာကရိုင်းတာပဲ။ တက်ကြွတာက တက်ကြွတာပဲ မတူပါဘူး။” လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ကင်းထောက်တွေရဲ့ ကျင့်ဝတ်ဆယ်ပါး ဆိုတာက ကိုယ်နေတဲ့ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်အောင် စောင့်တည်ထားတဲ့ ကျင့်ဝတ်တွေဖြစ်ပြီး ဒါတွေကို လူငယ်တွေလိုက်နာသွားမယ်ဆိုရင် ကိုယ်က ကင်းထောက်မဟုတ်တော့တဲ့အချိန်တောင်မှ ဒီစံနှုန်းစံထားတွေကို နှလုံးထဲမှာ ကျန်ရစ်ခဲ့မယ်ဆိုရင် ကိုယ့်နိုင်ငံအတွက်တင်မဟုတ်ပဲ လူသားအားလုံးတွက် အကျိုးပြုတဲ့လုပ်ငန်းကြီးလို့ အတိုင်ပင်ခံက ဆိုပါတယ်။

အဲ့ဒီ့အခမ်းနားမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တွေ ဆရာ၊ဆရာမ တွေနဲ့ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်နဲ့ ကင်းထောက်ကျောင်းသားလူငယ်တွေတက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါတယ်။

Share

Loading Next Article...
က္က