၂၀၁၈ ၊ နိုဝင်ဘလာ ၈ ရက်နေ့က မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တာပါ။
Minn Nandar

မန္တလေး အောင်မြေသာစံမြို့နယ် ကျုံးတောင်ဘက်ခြမ်း ၇၈ လမ်းနဲ့ ၂၆ လမ်းမီးပွိုင့်မှာ ယမန်နှစ်နိုဝင်ဘာလ ၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတွက် တစ်နှစ်ခန့်အမှုစစ်ဆေးပြီး ဒီကနေ့အပြီးသတ်အမိန့်ချမှတ်လိုက်တာပါ။

မီးပွိုင့်မှာမီးနီရပ်စောင့်နေတဲ့ဆိုင်ကယ်နဲ့လူနှစ်ဦးကို ပြိုင်ကားနဲ့ဝင်တိုက်ခဲ့မှုမှ ပြိုင်ကားမောင်းသူကို ဒီကနေ့ (အောက်တိုဘာလ ၃၁ ရက်) မွန်းလွဲပိုင်းမှာပဲ မန္တလေး အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၉ နှစ်အမိန့်ချမှတ်ခဲ့ပါတယ်။

ပေါ့လျော့လူသေစေမှု ၃၀၄-ကနဲ့က ၇ နှစ်၊ ယာဉ်မဆင်မခြင်မောင်းမှု ၂၇၉ အတွက်က ၂ နှစ် သီးခြားစီကျခံဖို့မြို့နယ်တရားသူကြီးက အမိန့်ချမှတ်လိုက် တာပါ လို့ အောင်မြေသာစံမြို့နယ်တရားရုံး တရားရုံးသတင်းပြန်ကြားရေးအရာရှိကပြောပါတယ်။

ယမန်နှစ် နိုဝင်ဘာလ ၈ ရက်၊ ည ၁၂ နာရီအချိန်ခန့်က ရတနာပုံတက္ကသိုလ် ဥပဒေနောက်ဆုံးကျောင်းသားမောင်လွင်မင်းသန့်နဲ့ နိုင်ငံခြားသင်္ဘောအင်ဂျင်နီယာကိုကျော်ဇင်သက်တို့ဟာ ၇၈ လမ်းနဲ့ ၂၆ လမ်းမီးပွိုင့်မှာ မီးနီနေလို့ရပ်စောင့်နေစဉ် ၇၈ လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာတဲ့သန်းထက်အောင်ရဲ့ပြိုင်ကားဟာ မီးပွိုင့်အရောက်အရှိန်မထိန်းနိုင်ဘဲ ၎င်းတို့နှစ်ဦးအားဝင်တိုက်မိတာမှာ နှစ်ဦးစလုံးသေဆုံးခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ပြိုင်ကားမောင်းတဲ့သန်းထက်အောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ တို့နဲ့ ဖမ်းဆီးတရား စွဲခဲ့တာမှာ တစ်နှစ်နီးပါးကြာပြီးနောက် ဒီကနေ့မှာပဲ တရားရုံးက ထောင်ဒဏ် ၉ နှစ်အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။


က္က