သံသယရှိသူကို ဖမ်းဆီးထား
Mi Thawdar Aung

နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းလောက်က မိန်းကလေးငယ်တစ်ဦးကို မော်လမြိုင်မြို့ မြေနီကုန်းရပ် စတိုင်တည်းခိုခန်းမှာ မြင်းဆေးတွေကျွေး၊ အရက်တိုက်ပြီး အဓမ္မပြုကျင့်ကာ စွန့်ပစ်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo- Zin Moe (မိန်းကလေးငယ်ကို CCTV ကတစ်ဆင့်တွေ့ရစဉ်။)

အဆိုပါ မိန်းကလေးငယ်ဟာ တည်းခိုခန်းကနေ ငိုယိုကာ ထွက်လာပြီး တက္ကစီဂိတ်နားတစ်ခုမှာ အားပြတ် လဲကျသွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ ကိုဇင်မိုးက Duwun ကိုပြောပါတယ်။

အဲဒီနောက် ကယ်ရီသမားတွေက ရာမညကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းဆက်အကူအညီတောင်းခဲ့ရာကတစ်ဆင့် အဆိုပါ အမျိုးသမီးငယ်ကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

ဆေးရုံမှာ ကနဦးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံကို အကြောင်းကြားကာ ဆက်လက်ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

အမျိုးသမီးငယ်ကို မေးမြန်းရာမှာ ရန်ကုန်မြို့၊ လှိုင်သာယာ (၇) ရပ်ကွက်မှာ နေထိုင်သူဖြစ်ကြောင်း၊ ရန်ကုန်-မြဝတီကနေ မော်လမြိုင်ကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

လူကုန်ကူးရဲတပ်ဖွဲ့ကတစ်ဆင့် ရန်ကုန်မြို့၊လှိုင်သာယာမှာနေထိုင်တဲ့ မိသားစုကို အဆက်အသွယ်ခဲ့ပြီး အမျိုးသမီးငယ်မှာ လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကတည်းက အိမ်ကနေ ပျောက်သွားခဲ့ရပြီး မိခင်ဖြစ်သူက လိုက်လံရှာဖွေနေကြောင်း သိခဲ့ရပါတယ်။

Photo- Zin Moe

“ ကောင်မလေးရဲ့အမေလည်း ဒီကို ရောက်နေပါပြီ။ လောလောဆယ်ကောင်မလေးက စိတ်အခြေအနေမူမမှန်သေးဘူးလို့ သိရပါတယ်။ မသင်္ကာစရာလူကိုလည်း မနေ့ညကတည်းက ရဲတွေက ဖမ်းမိထားပြီလို့သိရပါတယ်” လို့ ကိုဇင်မိုးက Duwun ကိုပြောပါတယ်။

သံသယရှိသူမှာ မော်လမြိုင် သီရိမြိုင်ရပ်ကွက်မှာ နေထိုင်သူ အသက် (၅၀) ကျော်အရွယ်ရှိပြီး မော်လမြိုင်-မြဝတီကားမောင်းသူတစ်ဦးဖြစ်ကာ အမျိုးသမီးငယ်ကို မြဝတီကနေ မော်လမြိုင်ကို ခေါ်ဆောင်လာခဲ့တယ်လို့ စစ်ဆေးချက်တွေအရသိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အခင်းဖြစ် တည်းခိုခန်းကို သွားရောက်စစ်ဆေးရာမှာ ဖြစ်စဉ်မှန်ကြောင်း သိခဲ့ရပြီး အမျိုးသမီးငယ်က အသက် (၁၈) နှစ်အရွယ်ရှိတယ်လို့ ဆိုပါတယ်။လက်ရှိတော့ ဒိုင်းဝန်းကွင်းနယ်မြေရဲစခန်းကနေ သံသယရှိသူကို ဖမ်းဆီးထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။


က္က