ဝန်ဆောင်ခ ၃၀၀ကျပ်နဲ့ လိုက်လံ ကောက်ခံပေးနေတာပါ။
Kyaw Ko Ko Sint

COVID-19ကာလမှာ လျှစ်စစ်မီတာခ ပေးဆောင်မှုတွေကို အရင်လိုရုံးမှာ လာမဆောင်စေပဲ ရပ်ကွက်တွေအထိ ဆင်းပြီး ကောက်ခံပေးမှုကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ညွှန်ကြားချက်ရှိတယ်လို့သိရပါတယ်။

ဓာတ်ပုံ - ဗဟန်း YESC

COVID-19ကာလမှာ လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရပ်ကွက်တွေအတွင်း အိမ်တိုင်ရာရောက်စနစ်နဲ့ မီတာခတွေကို လိုက်လံ ကောက်ခံပေးနေပါတယ်။

ဒီလို ကောက်ခံပေးတာကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့လည်း YESC ရဲ့ CEO ဦးအောင်ကျော်ဦးက Duwunကိုပြောပါတယ်။

“မီတာခကောက်ခံပေးနေတာကတော့ တစ်တိုင်းလုံးကို ဝန်ဆောင်မှုပေးတာပါ။တစ်နိုင်ငံလုံးလည်း အတူတူပါပဲ။” လို့ ဦးအောင်ကျော်ဦးက ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၂၆ရက်နေ့မှာတော့ ဗဟန်းမြို့နယ်ရှိ ရပ်ကွက်တွေမှာ မီတာခတွေကို ဝန်ဆောင်ခ ၃၀၀ကျပ်နဲ့ လိုက်လံ ကောက်ခံပေးနေတယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကို ပြောပါတယ်။

ဓာတ်ပုံ - ဗဟန်း YESC

“EPCကနေပြီးတော့ မီတာခတွေကို ကားနဲ့လိုက်ကောက်ပေးနေပါတယ်။သူ့ရက်နဲ့သူတော့ လိုက်ကောက်ပေး နေပါတယ်။ဒီနေ့မှာဆိုရင် ဗိုလ်စိန်မှန်နဲ့အရှေ့ရွှေဂုံတိုင်၊မနက်ဖြန်ဆိုရင် ဆရာစံမြောက်ရှေ့၊ နောက်နေ့ဆိုရင် ဆရာစံရပ်ကွက်၊ဆက်တိုက်ဆိုသလို ကျိုက္ကံဆံနဲ့ဆရာစံတောင်ရပ်ကွက်တွေကို တစ်ရက်ချင်းစီ ကောက်ပေး နေတာပါ။လျှစ်စစ်ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။”လို့ ဦးထွန်းမြင့်က ပြောပါ တယ်။

အခုလို ရပ်ကွက်တွေအတွင်း ကားနဲ့ လိုက်လံကောက်ခံပေးခြင်းက Stay At Home ကာလမှာ ပြည်သူတွေ အပြင်ထွက်တာ လျော့ကျသွားသလို အရင်လို လူတန်းစီပြီး မီတာခဆောင်နေခြင်းကလည်း ကင်းဝင်းသွားတယ်” လို့ ဦးထွန်းမြင့်က သုံးသပ်ပြောပါသေးတယ်။

“အွန်လိုင်းကလည်း ဆောင်လို့ရပေမယ့် အခုလို ရပ်ကွက်အထိဆင်းပြီး ကောက်ခံပေးတာကလည်း ပိုအဆင်ပြေ စေတာပေါ့၊ဝန်ဆောင်ခ ၃၀၀ပေးရတယ်ဆိုပေမယ့်အွန်လိုင်းကဆိုရင်လည်း ၂၀၀ကျပ်ပေးရတယ်လေ။ဒါပေမယ့် အင်တာနက်ချိတ်ရတာတို့၊KBZ PAYလုပ်ထားရတာတို့ဆိုတော့ တော်ရုံမလုပ်တတ်တဲ့သူတွေအတွက် အဆင်ပိုပြေ သွားတာပေါ့။”လို့ ဦးထွန်းမြင့်က ဆက်လက်ပြောပါတယ်။

အစိုးရအနေနဲ့ COVID-19ကာလမှာ မီတာခတွေကို လျော့ယူထားသလို ပေးသွင်းရက်ကိုလည်း ‌နောက်ဆုတ်ပေးပြီး ပြည်သူတွေရဲ့ အကြပ်အတည်းကာလမှာ အဆင်ပြေအောင် စီစဥ်ပေးထားတာတွေ့ရပါတယ်။

မတ်လအတွက် ပေးချေရမယ့် မီတာခကိုလည်း မေလ ၂၀အထိ တစ်လတိတိ နောက်ဆုတ်ပေးခဲ့သလို ဧပြီလအတွင်း အသုံးပြုတဲ့ အိမ်သုံးမီတာခတွေကိုလည်း ယူနစ် ၁၅၀ အထိ အခမဲ့သုံးစွဲခွင့်ပြုထားတာပါ။


ဆက်စပ်အကြောင်းအရာများ


က္က