ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။
Thin Nu Swe

ဒီကနေ့ မေလ ၁၅ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ မီတာခတွေ အဆမတန် ကျသင့်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာ သုံးစွဲနေသူတွေရဲ့ Rate ကြောင့် မီတာခတွေ တက်တာ ဖြစ်နိုင်သလို မီတာဖတ်သူတွေ ရဲ့ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနရဲ့ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်(လျှပ်စစ်) က ပြောကြားသွားခဲ့ပါတယ်။

"ကျွန်တော်တို့ မီတာသမားတွေရဲ့ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ရှိခဲ့လို့လည်း တစ်ဖက်က သူတို့ကို ပြန်ကြည့်ရင် သူတို့ကို အရေးယူမယ့် အပိုင်းကို ပြန်ကြည့်ရင် သူတို့က ဝန်နဲ့အားနဲ့ မမျှဘူး။ အိမ် ၈၀၀ ကို တစ်ယောက်ကောက်ရမယ့်ဟာ အိမ် ၂၀၀၀ ကို တစ်ယောက်တည်း လိုက်ကောက်ရတယ်။ နောက်ပီး ရက်ကန့်သတ်ချက်အတိုင်း ကောက်ရတယ်။ မကောက်နိုင်ရင် ဘေလ်မဝင်နိုင်ဘူး။ ဒီတော့ မီတာသမားတွေရဲ့ အားနည်းချက်တွေလည်း ရှိခဲ့ပါတယ်။ နောက်လတွေမှာဆိုရင် ဒီလိုတွေမဖြစ်သွားအောင်စီစဥ်ဆောင်ရွက်ပေးသွားပါမယ်" လို့ သူက ပြောသွားခဲ့ပါတယ်။

တခြားတစ်ဖက်မှာလည်း ပြည်သူလူထုက အသုံးများသွားပြီး ထပ်တိုးသွားတဲ့ သုံးစွဲမှုက နှုန်းထားမြင့်တဲ့အထဲကို ပါသွားတာကြောင့်လည်း မီတာခ များသွားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

"တစ်ဖက်ကသုံးသပ်တဲ့အခါမှာ ငွေဘာကြောင့်များသွားတယ်လို့ဖြစ်သွားလဲဆိုရင် ကျွန်တော်က ၃ဝဝ ယူနစ် သုံးလိုက်တယ်ဆိုပါစို့၊ ဆိုရင်ကျွန်တော်တို့က တစ်ယူနစ်က ၃ဝထိ ၃၅ကျပ် နှုန်းနဲ့ ၃ဝယူနစ် ကိုပိုင်းခြားလိုက်တယ်။ ၃၁ကနေ ၅၀ ထိ၊ ၅ဝနှုန်း၊ ၅၁ယူနစ်ကနေ ၇၅အထိ က ၇ဝနှုန်း၊ ၇၆ယူနစ်က၁၀၀ အထိက ၉ဝနှုန်း၊၁၀၁ကနေ ၁၁၀ အထိက ၁၅ဝနှုန်းနဲ့၊ ၁၅၁ အထက်သုံးတာမှန်သမျှက ၁၂ဝနှုန်းနဲ့ဆောင် ရမှာဖြစ်တယ်။ ဆိုလိုတဲ့သဘောက ကျွန်တော်အဲယားကွန်းဖွင့်လိုက်မိတယ်။ အရင်ကအဲကွန်း တစ်လုံးပဲ သုံးတယ်။ နှစ်လုံးဖွင့်တယ်။ ဘယ် rate ထဲကိုပါသွားမလဲ။ ၁၅၁ယူနစ်ထဲပါသွားတဲ့အတွက်၁၂ဝနှုန်းနဲ့ပါသွားတယ်။ဒါကိုသုံးစွဲသူတွေက သတိချပ်ဖို့လိုပါတယ်။ မီတာသုံးတာကိုခြိုးခြံစေချင်တယ်။" လို့ သူက ဆက်ပြောပါတယ်။"

Covid-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အရေးကြီးကာလအတွင်း ပြည်သူတွေအဆင်ပြေစေဖို့အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု(၁၅၀) ယူနစ် ကင်းလွတ်ခွင့် ဧပြီလကုန်အထိ ပေးမှာဖြစ်တဲ့အကြောင်း အစိုးရက ကြေညာခဲ့ပြီးတဲ့နောက် မီတာခတွေ အဆမတန် တက်လာခဲ့တာကြောင့် ပြည်သူလူထုကြား မကျေနပ်မှုတွေ များပြားလာကြပါတယ်။ ဒီလို ဖြစ်ပေါ်လာမှုတွေအပေါ် ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားလာတာ ဖြစ်ပါတယ်။

Covid-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အရေးကြီးကာလအတွင်း ပြည်သူတွေအဆင်ပြေစေဖို့အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု(၁၅၀) ယူနစ် ကင်းလွတ်ခွင့် ဧပြီလကုန်အထိ ပေးမှာဖြစ်တဲ့အကြောင်း အစိုးရက ဧပြီလ ၆ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ထပ်မံပြီး ယခု မေလအတွက်လည်း ပြည်သူတွေရဲ့ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၇၅ ယူနစ်လျှော့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က