ဓာတ်အားစနစ် အဆင့်မီဆောင်ရွက်ဖို့ ဘဏ္ဍာငွေ မလုံလောက်ဘူးလို့ ဆိုပါတယ်။
Mi Thawdar Aung

လျှပ်စစ်မီတာ ခိုးယူသုံးစွဲခံရမှုမှာ ဌာနကနေ ကြီးကြပ်စစ်ဆေးမှုအားနည်းတာကြောင့်အပြင် ဓာတ်အားစနစ်အဆင့်မီဆောင်ရွက်ဖို့ ဘဏ္ဍာငွေ မလုံလောက်တာ၊ Bare Wire တွေကို အသုံးပြုရတာတွေကြောင့် ဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကနေ စုံစမ်းသိရှိရပါတယ်။

နှစ်အလိုက် ခိုးယူသုံးစွဲမှု စစ်ဆေးခဲ့သော အခြေအနေပြဇယား။

လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုတွေကို လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကနေ  နှစ်အလိုက် စစ်ဆေးဆောင်ရွက်ခဲ့ရာမှာ ၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း တရားမဝင် စစ်ဆေးတွေ့ရှိမှု ၇၉၀ မှု၊ တရားမဝင် မီတာသုံးစွဲမှု ယူနစ် ၁၀ ဒဿမ ၉၆၆ သန်း ရှိခဲ့ပြီး ပြန်လည်တောင်းခံရငွေ ကျပ် ၁၅၃၀ ဒဿမ ၆၃၈ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ (၆) လအတွင်း တရားမဝင် စစ်ဆေးတွေ့ရှိမှု ၄၄၁မှု၊ မီတာသုံးစွဲမှု ယူနစ် ၅ ဒဿမ ၁၅၉ ယူနစ်၊ ပြန်လည်တောင်းခံရငွေ ကျပ် ၇၀၃ ဒဿမ ၇၈၆ သန်းရှိခဲ့တယ်လို့သိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၁၀) လအတွင်း ခိုးယူသုံးစွဲမှုပြ ဇယား။

၂၀၁၈ခုနှစ် အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် ဇူလိုင်လ အထိ (၁၀) လအတွင်း တရားမဝင်စစ်ဆေးတွေ့ရှိမှု ၇၉၉ မှု၊ တရားမဝင် မီတာသုံးစွဲမှု ၆ ဒဿမ ၃၄၂ သန်း၊ ပြန်လည်တောင်းခံရငွေ ကျပ်သန်းးပေါင်း ၁၅၂၁ ဒဿမ ၇၈၂ သန်းရှိခဲ့တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက Duwun မီဒီယာကို ပြောပါတယ်။

လျှပ်စစ်ဓာတ်အား တရားမဝင်သုံးစွဲမှုတွေ ကို  ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ရာသက်ပန် ဓာတ်အားဖြတ်တောက်မှာဖြစ်တယ်လို့ ခိုးယူသုံးစွဲသူတွေကို အသိပေးပြီးကတိခံဝန်ချက် ရယူထားတယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ လျှပ်စစ်မီတာခိုးယူသုံးစွဲမှုက မကွေးတိုင်းဒေသကြီးမှာ အမှုပေါင်း ၂၀၀ မှုရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဓာတ်အားသုံးစွဲသူတွေက မသမာတဲ့သဘောနဲ့ မီတာမရှိဘဲ တိုက်ရိုက်ဓာတ်အားသုံးစွဲခြင်း၊ မီတာရှိပေမယ့်လည်း (By Pass) လုပ်ခြင်း၊ မိမိမီတာကနေ အခြားသူကို ဆင့်ပွားပေးခြင်း၊ မီတာပြုပြင်ပြီး ဓာတ်အားခိုးယူသုံးစွဲခြင်းတွေ၊ ယူနစ်မတက်အောင် ပြုလုပ်ထားခြင်းစစ်ဆေးတွေ့ရှိရင် လျှပ်စစ်ဥပဒေ အခန်း အပိုဒ် (၂၃) အရ ဓာတ်အားခိုးမှု ကျုးလွန်တယ်လို့ မှတ်ယူမယ်ဆိုပြီး ဖော်ပြထားတာပါ။


က္က