ဒီနေ့မနက်မှစပြီး ပိတ်လိုက်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းသို့ ကုန်တင်ကားကလွဲပြီး ခရီးသည်တင်ကား၊ အိမ်စီးကားအားလုံးကို ဒီနေ့ကစလို့ ဝင်ခွင့်မပြုတော့တာကြောင့် ရန်ကုန်အဝင်ဂိတ်တွေဖြစ်တဲ့ Zero Mile ၊ ရန်ကုန် -သာယာဝတီ -ဥက္ကံ လမ်း၊ပဲခူး ဂိတ်တွေမှာ ကားတွေပိတ်မိနေတယ်လို့ အဝင်၊အထွက်ဂိတ်တွေမှာ ပိတ်မိနေသူတွေထံက သိရပါတယ်။

" မနက်အစောကတည်းက ပိတ်ထားတယ်လို့ ကြားတယ်။ ကားအစီး (၁၀၀) လောက်ပိတ်မိနေတော့ ရှေ့တိုးဖို့ကလည်း အဆင်မပြေဘူး။ ကုန်ကားကိုပဲ အချက်အလက်ယူပြီး လွှတ်ပေးနေတယ်။ အိမ်စီးကား၊ခရီးသည်တင် Express ကားတွေကိုတော့ ဝင်ခွင့်မပေးဘူးလို့ သိရတယ်။ မပေးတော့ ကားတွေလည်း ပိတ်မိနေကြတာတွေ့ရတယ်။ ညွှန်ကြားချက်က ရုတ်တရက်ကြီးလုပ်လိုက်တော့ အကုန်လုံးအခက်တွေ့ကုန်တာပေါ့။ ကျွန်တော်ကတော့ စောင့်လဲမစောင့်နိုင်လို့ ရန်ကုန်ဘက်မသွားတော့ဘဲ ပြန်လှည့်လာတယ် "လို့ သာယာဝတီ ဥက္ကံ -ရန်ကုန် လမ်းပိုင်းမှ ကုန်တင်ယာဉ် မောင်းနှင်းသူ ဦးငြိမ်းချမ်းက ပြောပါတယ်။



မနေ့ စက်တင်ဘာလ ၁၀ ရက် ညပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက တိုင်းအတွင်းရှိ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ် ၄၄ မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)မှာ နေထိုင်သူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အရေးကြီးကိစ္စရပ်မှအပ ရန်ကုန်တိုင်းဒေသကြီးပြင်ပ သွားလာကို စက်တင်ဘာလ ၁၁ ရက်ကနေ အောက်တိုဘာလ ၁ ရက်နေ့အထိ တားမြစ်လိုက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဒီအမိန့်ထုတ်ပြန်ပြီးတဲ့နောက် ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့မနက်ပိုင်းကစပြီး ရန်ကုန် အဝင်အထွက်ဂိတ်တွေ ဖြစ်တဲ့ ရန်ကုန် -သာယာဝတီ ဥက္ကံ လမ်း၊ Zero Mile ၊ ပဲခူး အစပ်ဂိတ်တွေကနေ စစ်ဆေးရေးများပြုလုပ်ကာ အဝေးပြေးကားလိုင်းနဲ့အိမ်စီးကားတွေကို ဝင်ရောက်ခွင့်မပြုဘဲ ကုန်တင်ကားတွေကိုသာ အချက်အလက်မှတ်တမ်းယူကာ ဝင်ရောက်ခွင့်ပြုနေတာ ဖြစ်ပါတယ်။

"ခုမနက် ဝန်ကြီးချုပ် လာသွားတယ်။ အုပ်ချုပ်ရေးပိုင်းကို ညွှန်ကြားချက်တွေအရ လှည်းကူး အဝင်အထွက် Zero Mile အမြန်လမ်းကနေ စစ်ဆေးမယ်။ ပဲခူးကတော့ ပဲခူးအစပ်ပေါ့။ အဲ့ဒီမှာလည်းခရီးသည်တင်ကား ဖြတ်သန်းခွင့်မပေးတော့ဘူး။ ကုန်ကားတွေကိုတော့ ပိတ်လိုက်ရင် စားနပ်ရိက္ခာထိခိုက်မယ် ကုန်ဈေးနူန်းတက်နိုင်တဲ့အချက်တွေကြောင့် ဖြတ်သန်းခွင့်ပေးဖို့ ပြောဆိုထားတယ်။ဝန်ကြီးချုပ်ကတော့ ခရီးသည်တင်ကားတွေဖြတ်သန်းခွင့် မပြုဖို့ ညွှန်ကြားသွားတယ်"လို့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်က ပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၂၉ မြို့နယ်မှာလည်း လမ်းမကြီးတွေကလွဲပြီး ရပ်ကွက်အတွင်းရှိ လမ်းသွယ်အကုန်လုံးကို ဒီနေ့စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းကစတင်ကာ ပိတ်ထားလိုက်ပြီးဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၂၂၆၅ ဦးရှိခဲ့ရာ ရန်ကုန်တိုင်းအတွင်းမှာ ၁၀၅၃ ဦးနဲ့ပိုးတွေ့လူနာအများဆုံးရှိနေတာကြောင့် အခုလို ကန့်သတ်တားမြစ်ချက်တွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က