မြေပြိုကျမှုကြောင့် အခုလိုဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
Mi Thawdar Aung

မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ကျောက်မျက်ဟောင်းလုပ်ကွက်တွေမှာ တွင်းပြိုကျမှုတွေကြောင့် တစ်နိုင်တစ်ပိုင် ကျောက်မျက်တူးကြတဲ့ ဒေသခံလုပ်သား (၃) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၁ ရက် ညနေပိုင်းလောက်က မိုးကုတ်မြို့ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းတစ်ခုဖြစ်တဲ့ ဓာတ်တော်ပြန့်လုပ်ကွက် ပျားစွဲလူးအတွင်း ကျောက်ရှာဖွေနေသူတွင်းလုပ်သား (၃) ဦးမှာ မြေအောက် ပေ ၁၅၀၀ ခန့်မှာ ပိတ်မိနေခဲ့တာပါ။ နှစ်ဦးမှာတော့ ပြန်လည်လွတ်မြောက်ခဲ့ပြီး ကျန်တစ်ဦးမှာ လူးအတွင်းပိတ်မိကာ သေဆုံးခဲ့တယ်လို့ မိုးကုတ်လူမှုကယ်ဆယ်ရေးအဖွဲ့ကနေသိရပါတယ်။

ဓာတ်ပုံ- မိုးကုတ် လူမှုကယ်ဆယ်ရေးအဖွဲ့

သြဂုတ်လ ၁၂ ရက် နေ့ မွန်းလွဲ ၃ နာရီလောက်က မိုးကုတ်မြို့နယ်၊ ကျောက်ပြသာဒ်ကျေးရွာ၊ လုံလျိုကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းအတွင်း ကျောက်ရှာဖွေနေသူလုပ်သား (၇) ဦး မှာ ပေ ၂၅၀ လောက်ရှိတဲ့ တွင်းအနက်ထဲကို ဝင်ရောက်တူးဖော်နေခဲ့တာပါ။

အဲဒီနောက် တွင်းထဲရေနစ်မြှုပ်မှု ဖြစ်လာခဲ့ရာ (၅) ဦးမှာ တွင်းထဲကနေ ပြန်ထွက်နိုင်ခဲ့ကာ (၂) ဦးမှာတော့ တွင်းထဲမှာပဲ အောက်ဆီဂျင်ပြတ်လပ်ကာ ရေနစ်သေဆုံးသွားခဲ့ရတယ်လို့ မိုးကုတ်လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ကိုအောင်ကျော်မိုးက Duwun ကိုပြောပါတယ်။

“ မိုးကုတ်ရဲ့ ထုံးစံအရ ဝမ်းရေးအတွက် ဒီအလုပ်ပဲ ရှိတာ။ မနက်ဆို ကျောက်ရှာထွက်ကြတယ်။ ရှာတဲ့သူတွေက များတော့ ကျောက်က ရှာမတွေ့နိုင်ဘူးး။ အဲဒီတော့ ခက်ခက်ခဲခဲနဲ့ တွင်းထဲထိ ဝင်ပြီး ဓာတ်မီးနဲ့ ရှာကြတယ်။ အရင်တုန်းက ဖက်စပ်တွေ လုပ်ခဲ့တဲ့ ကုမ္ပဏီတွင်းဟောင်းတွေပေါ့။ ဒီနေရာတွေမှာ ဒေသခံတွေက အန္တရာယ်ရှိမှန်းမသိ၊ မရှိမှန်းမသိနဲ့ ရှာကြတော့ ဒီလိုအဖြစ်မျိုးတွေ ကြုံရတာပေါ့” လို့ ကိုအောင်ကျော်မိုးက ဆိုပါတယ်။

မိုးကုတ်မှာ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းတွေမှာ တစ်နိုင်တစ်ပိုင် ကျောက်မျက်တူးဖော်ကြတဲ့ ဒေသခံလုပ်သား အများအပြားရှိနေပြီး မကြာခဏ မြေပြို၊ တွင်းပြိုကျမှုတွေ ကြောင့် အခုလိုသေဆုံး ထိခိုက်ဒဏ်ရာရမှုတွေလည်း မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က