လူနာဟာ ရန်ကုန်မြို့ကနေ မြင်းခြံကနေအိမ်ကို ပြန်ရောက်လာပြီးနောက် ဖျားနာခဲ့တာပါ။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ကုသရင်း ပိုးတွေ့ခဲ့တဲ့ မြင်းခြံမြို့က လူနာဟာ မန္တလေးမြို့တွင်း သွားလာခဲ့ခြင်းမရှိသလို ဆေးရုံကတခြားလူနာတွေနဲ့လည်း ထိတွေ့မှု မရှိခဲ့ဘူးလို့ သိရပါတယ်။



“ ဖျားလို့ဆရာဝန်နဲ့ပြပြီးတော့မှ မသက်သာလို့ဆိုပြီး ဆေးရုံကြီးကိုလွှဲလိုက်တာပါ။ ဒီမှာစောင့်ကြပ်ကြည့်ရှုလူနာစာရင်းထဲထည့်ပြီးတော့ ချက်ချင်းပဲ ဆေးစစ်ချက်ယူခဲ့တာပါ၊ ဒီမှာတော့ ထိတွေ့မှုမရှိပါဘူး။ သူက ရန်ကုန်ခရီးသွားရာဇဝင်တော့ရှိတ်။ ဒီမှာထိတွေ့မှုတော့မရှိဘူး” လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာစုစုဒွေးကပြောပါတယ်။

လူနာဟာ မြင်းခြံမြို့ အမှတ်(၆) ရပ်ကွက်က အသက် (၄၇) နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ပိုးတွေ့လူနာနဲ့ထိတွေ့မှုမရှိဖူးသလို ပြည်ပခရီးသွားရာဇဝင် လည်းမရှိကြောင်း၊ (၂၁) ရက်အတွင်း ပြည်တွင်းခရီးသွားရာဇဝင်ရှိခဲ့တယ်လို့သိပါတယ်။

ပိုးတွေ့လူနာဟာ ပြီးခဲ့တဲ့သြဂုတ်လ (၁၈) ရက်နေ့က ရန်ကုန်မြို့ကနေ မြင်းခြံမြို့ကသူ့ရဲ့ နေအိမ်ဆီပြန်လာပြီးနောက် ဖျားနာမှုရှိလာလို့ မြင်းခြံမြို့မှာ ဆေးခန်းပြခဲ့ရာကနေ မသက်သာလို့ မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံတစ်ခုဆီလာရောက်ပြသခဲ့ပါတယ်။ 

အဆိုပါ ဆေးရုံကနေ သံသယလူနာအဖြစ် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီ လွှဲပြောင်းပေးခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ပြီး သြဂုတ်လ (၃၀) ရက် ည (၈) နာရီမှာ ပိုးတွေ့လူနာအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာခဲ့တာဖြစ်ပါတယ်။

လက်ရှိတော့လူနာကို ကန်တော်နဒီဆေးရုံဆီ ပို့ဆောင်ထားလိုက်ပြီး လူနာရဲ့မိသားစုဝင်တွေကို မြင်းခြံမြို့ကနေအိမ်မှာပဲ အသွားအလာစောင့်ကြည့်ထားတယ်လို့လည်းသိရပါတယ်။

“ သူနဲ့ထိတွေ့မှုတွေကိုလိုက်နေပါတယ်။ မိသားစုကိုလည်း Swab ယူစစ်ဆေးနေပါတယ်။” လို့ ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးဒေါက်တာသန်းသန်းမြက ဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် ၈ နာရီအထိသတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၈၈၇ ဦးရှိနေပြီလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က