ဗီဇာကတ်၊ မာစတာကတ်များနဲ့ပါ ပေးချေနိုင်အောင် ဆောင်ရွက်မှာပါ။
Mi Thawdar Aung

Yangon Payment Service ဖြစ်လာပါက YBS ကားခကို ဗီဇာကတ်၊ မာစတာကတ်များနဲ့ပါ ပေးချေနိုင်အောင် ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဝန်ကြီးးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ကျင်းပတဲ့ City Transit ကုမ္ပဏီရဲ့ YBS မြို့ပတ်ယာဉ်လိုင်းသစ်ပြေးဆွဲခြင်း အခမ်းအနား တက်ရောက်စဉ်ပြောကြားခဲ့တာပါ။

YPS ကတ် နဲ့ ဘတ်စ်ကားစီးမယ်ဆိုရင် ဝန်ဆောင်စရိတ် ၃ ရာခိုင်နှုန်း ကျသင့်မယ်ဆိုပါက အခြား ကတ် (ဥပမာ- မာစတာကတ်၊ ဗီဇာတ်ကတ်) သုံးရင်တော့ ဝန်ဆောင်စရိတ် ၈ ရာခိုင်နှုန်း ခန့်ကောက်ခံသွားမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

“ ဒီလိုစနစ်မျိုး ကမ္ဘာပေါ်မှာ လုပ်နိုင်တဲ့ နိုင်ငံ လက်ဆယ်ချောင်းတောင် မပြည့်ပါဘူး။ ဟောင်ကောင်မှာဆို ရထားစီးမယ်၊ ကားစီးမယ်ဆို ကတ်လုပ်ရပါတယ်။ အဲဒီကတ်က တခြားနေရာမှာ သုံးလို့မရပါဘူး။ ကျွန်တော်တို့ အခုဆောင်ရွက်တာက ကားခကို ဘယ်ကတ်နဲ့ မဆို ငွေချေနိုင်အောင် လုပ်မှာပါ။ နိုင်ငံခြားက လာတဲ့သူက ဘတ်စ်ကားစီးမယ်ဆိုရင် ပါလာတဲ့ ဗီဇာ၊ မာစတာကတ်တွေနဲ့ ရှင်းလို့ရပါတယ်” လို့ ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။

အဆိုပါ စနစ်ကို YPS ကတ်စတင်အသုံးပြုတဲ့ကာလကနေ နောက်ထပ် (၂) နှစ်အတွင်းမှာ အကောင်အထည်ဖော်နိုင်ဖို့အတွက် စီမံချက်တွေ ရေးဆွဲထားတယ်လို့လည်းသိရပါတယ်။

လက်ရှိတော့ စမ်းသပ်လည်ပတ်မယ့်အစီအစဉ်အဖြစ် ယာဉ်စီးရေ ၁၅၀၀ မှာ ကတ်စနစ်နဲ့ ငွေပေးချေနိုင်တဲ့ စက်တွေကို ဒီနှစ်အတွင်း အပြီးသတ်တပ်ဆင်သွားဖို့လည်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က စီစဉ်နေတာဖြစ်ပါတယ်။

YBS စနစ်ကို ၂၀၁၆ ခုနှစ်က စတင်ပြောင်းလဲခဲ့ပြီးနောက် ယာဉ်တွေ ရဲ့ အရည်အသွေး၊ ဘတ်စ်ကားမှတ်တိုင်၊ ယာဉ်မောင်းတွေရဲ့ ဝန်ဆောင်မှု အစရှိတာတွေကို တဖြည်းဖြည်း တိုးတက်အောင် ပြုလုပ်ခဲ့ပြီး အခုတော့ ကတ်စနစ် စတင်ဖို့ လုပ်ဆောင်နေပြီလို့လည်း သိရပါတယ်။


က္က