အာဖရိကဝက်အပြင်းဖျားရောဂါဟာ လူကို လုံးဝ မကူးစက်နိုင်သော ရောဂါဖြစ်တယ်လို့သိရပါတယ်။

မကွေးတိုင်း၊ကံမမြို့က ဝက်မွေးမြူရေးခြံနဲ့ တပိုင်တနိုင်မွေးမြူရေးလုပ်ကိုင်သူတွေရဲ့ဝက်တွေဖျားနာပြီး အကောင်ရေ ၁၀၀ ဝန်းကျင်အထိ သေဆုံးမှု ဖြစ်ပွားနေတယ်လို့ ဒေသခံမွေးမြူရေးသမားတွေဆီကသိရပါတယ်။

အခုလို ဝက်တွေ အများအပြားသေဆုံးနေမှုကိုလေ့လာကြည့်ခဲ့တာ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်နိုင်တာတဲ့အတွက် တခြားနေရာတွေကို မကူးစက်မပြန့်ပွားအောင် ကံမမြို့အတွင်းဝက်တင်သွင်းခြင်း၊သွားလာနေခြင်းကို အစိုးရအနေနဲ့ ထိန်းချုပ်ကန့်သတ် ဖို့လိုပေးဖို့လိုအပ်နေတယ် ဝက်မွေးမြူရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

"ခုထိ မွေးမြူရေးသမားတွေကို ဘာမှကူညီပံ့ပိုးပေးတာမရှိဘူး။ မြို့နယ်ကလည်းမရှိဘူး ဌာနဆိုင်ရာတွေကလည်းမရှိဘူး၊ အခု ဝက်တွေသေတာကို သေချာလေ့လာအစအဆုံးကြည့်ပြီးပြီ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တယ်။ ခုလက်ရှိဖြစ်နေတဲ့ဗိုငိးရပ်စ်ကိုထိန်းချုပ်ဖို့ကအစိုးရကလုပ်ပေးမှရမယ်။ဒါကိုတခြားနေရာကိုမပြန့်အောင်လုပ်ရမယ်။ ခု ဝက်ကားတွေက ဝင်ထွက်သွားလာနေတယ်ခုထိထိန်းချုပ်တာ ကန့်သတ်တာလုပ်မပေးဘူး။ဘယ်လောက်ပဲအော်အော် လုပ်မပေးဘူး။ နောက်ဆုံးသေတာကိုပဲ ထိုင်ကြည့်နေရတဲ့ဘဝ ကာကွယ်ဆေးလဲမရှိဘူး ထိန်းချုပ်ဆေးလဲမရှိဘူး။ "လို့ ၁၀ နှစ်အထက် ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုကျော်ထက်ပိုင်ကပြောပါတယ်။

ကံမမြို့အတွင်း ဝက်သေဆုံးမှုဟာ ဇူလိုင်မှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာအချို့တွေမှာလည်း ဝက်သေဆုံးမှုရှိနေပေမယ့် စာရင်းအတိအကျ မသိရပါဘူး၊ကံမမြို့မှာ လက်ရှိအချိန်ထိကို ဝက်များသေဆုံးမှုဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဝက်သေဆုံးနေမှုနဲ့ ပတ်သက်ပြီး ကံမမြို့နယ် တိမွေးကုဦးစီးအရာရှိ ဒေါက်တာကျော်မင်းလှိုင်က " ဟောပြောပွဲလုပ်တာတို့ တိရိစ္ဆာန်ကျန်းမာရေးလုပ်သားတွေကိုတော့ ရောဂါတစ်ခုခုဖြစ်ရင်သတင်းပို့ဖို့ပြောထားတယ်။ ခုက ပြည်နယ်နဲ့တိုင်းလေးခုမှာ ဝက်အပျင်းဖျားရောဂါဖြစ်နေတယ်။အဲ့ဒီရောဂါနဲ့ပတ်သက်ပြီးလည်းမြိုနယ်တွေမှာမဖြစ်အောင် သတိပေးထားတယ် လိုက်နာဖို့လည်း ဆိုင်းဘုတ်တွေနဲ့သတိပေးထားတယ်။ခုဖြစ်နေတဲ့ ဝက်တွေမှာကအခြားရောဂါတွေနဲ့ဆိုင်တာဖြစ်လေ့ဖြစ်ထရှိတယ်။ ခုထိတော့ အကြောင်းကြားတာမရှိသေးဘူး"လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ ဝက်သေဆုံးမှုနဲ့ပတ်သက်လို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေက လာရောက်အကြောင်းကြားတာ မရှိတဲ့အတွက် ဝက်သေဆုံးမှုဟာ ဝက်အပြင်းဖျားရောဂါကူးစက်ခံရပြိး သေဆုံးခြင်းဟုတ်မဟုတ်ကိုမပြောနိုင်ကြောင်း၊ ဝက်အပြင်းဖျားရောဂါဟုတ်မဟုတ်ကို ဓာတ်ခွဲစစ်ဆေးမှုပြိးမှသာ အတိအကျသိရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ အာဖရိက ဝက်အပြင်းဖျားရောဂါဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာဖြစ်ပွားမှုရှိထားပါတယ်။အာဖရိကဝက်အပြင်းဖျားရောဂါဟာ လူကို လုံးဝ မကူးစက်နိုင်သော ရောဂါဖြစ်တယ်လို့သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က