လက်ရှိမှာ မလေးရှားကပြန်လာသူ ၅၉၁ ဦးရှိနေပါတယ်။
Mi Thawdar Aung

အစိုးရကစီစဉ်တဲ့ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ဒုတိယအသုတ်အဖြစ် မလေးရှားကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသား (၁၀၇) ဦးကို ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်မှာဖြစ်သလို COVID-19 ရောဂါရှိ/မရှိလည်း ဓာတ်ခွဲစစ်ဆေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လက်ရှိတော့ အရင်အသုတ်တွေထဲက ပြန်လာတဲ့မလေးရှားပြန်တွေထဲက ၉ ဦးမှာ ရောဂါပိုးတွေ့ရှိတာကြောင့် နောက်ထပ်မလေးရှားက ပြန်လာသူတွေကို ရောဂါပိုးစစ်ဆေးသွားဖို့စီစဉ်နေပြီလို့ ထုတ်ပြန်ထားတာပါ။

“ ပြည်တော်ပြန်တွေထဲက Risk များတဲ့သူတွေပေ့ါ။ အဲလိုလူတွေ ပါအောင်စစ်မှာပေါ့။ အားလုံးကို စစ်ဖို့ကတော့ ပြောရခက်ပါတယ်။ ဒါပေမယ့် စစ်သင့်စစ်ထိုက်တဲ့သူမကျန်အောင် စစ်နိုင်တဲ့အင်အားနဲ့ချိန်ပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကွာရန်တင်းအကုန်ဝင်မယ်။ အဲဒီထဲကနေအကုန်စစ်မယ်။ ဖြစ်နိုင်ရင်တော့ ဒီမလေးရှားပြန်က Risk များတဲ့အုပ်စုပေါ့။ ပထမအုပ်စုတုန်းကဆိုရင်လည်း Risk များတဲ့အုပ်စုပါ။ သူတို့က ဟိုမှာတုန်းက တစ်နေရာတည်းမှာ အကုန်စုနေရတဲ့ သဘောရှိခဲ့တယ်။ ပြီးတော့ ပြန်လွှတ်တဲ့အနေအထားရှိခဲ့တယ်။ အဲလို Risk များတဲ့အုပ်စုဆိုရင် ကျွန်တော်တို့ကစစ်မှာပါ။”လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

Photo- MOFA (မေလ ၁၁ ရက်ကမလေးရှားနိုင်ငံက ပြန်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားများကိုတွေ့ရစဉ်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ မေလ ၁၆ ရက်ကနေ မေလ ၁၉ ရက်အထိ ထုတ်ပြန်ချက်အရ မလေးရှားပြန် ၉ ဦးမှာ ရောဂါပိုးတွေ့ရှိထားပြီး ၈ ဦးကတော့ မေလ ၁၁ ရက်ကမလေးရှားထိန်းသိမ်းရေးစခန်းကနေ ပြန်ရောက်လာကြတဲ့ အုပ်စုထဲကဖြစ်ကာ လေယာဉ်တစ်စီးတည်း အတူစီးခဲ့ကြသူတွေဖြစ်တယ်လို့ ဒေါက်တာ သန်းနိုင်စိုးက ဆိုပါတယ်။

လက်ရှိမှာ မလေးရှားနိုင်ငံကနေ ပြည်တွင်းကို ပြန်ရောက်လာသူ ၅၉၁ ဦးရှိနေပြီး ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ မေလ ၈ ရက်နေ့က ပထမအကြိမ် ပြန်လည်ခေါ်ဆောင်ခဲ့ရသူ ၉၃ ဦး၊ မေလ ၁၁ ရက်က မလေးရှားထိန်းသိမ်းရေးစခန်းတွေကနေ ပြန်ရောက်လာသူ ၃၉၁ ဦး ၊ မေလ ၂၀ ရက်က ကယ်ဆယ်ရေးလေယာဉ်နဲ့ ဒုတိယအကြိမ် ပြန်ခေါ်ခဲ့ရသူ ၁၀၇ ဦး တို့ဖြစ်ပါတယ်။

မေလပထမပတ်ကစပြီးတော့ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း ၊ အိန္ဒိယ၊ မလေးရှား၊ ယူအေအီးနိုင်ငံတွေက မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်ခေါ်ခဲ့ပြီး ကွာရန်တင်းစင်တာမှာနေထိုင်ကာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေ လုပ်နေတာပါ။

ဒီလို ဓာတ်ခွဲစမ်းသပ်ခဲ့ရာမှာ မေလ ၁၆ ရက်ကနေ ၂၀ ရက်အထိ ပြည်တော်ပြန် ၁၇ ဦးမှာ ပိုးတွေ့ထားပြီး မလေးရှားပြန် ၉ ဦးနဲ့ ယူအေအီးနိုင်ငံက ပြန်လာသူ ၈ ဦးတို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က