အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို သက်သေခံလက်မှတ်တွေ ထုတ်ပေးနိုင်ဖို့ နှစ်နိုင်ငံအစိုးရချင်းစီစဉ်နေပါတယ်။

မလေးရှားနိုင်ငံမှာ နေရပ်ပြန်ဖို့ အခက်အခဲကြုံနေရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို လာမယ့် ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းပိုင်းမှာ ပြန်ခေါ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက Duwun ကိုပြောပါတယ်။

လက်ရှိမှာ မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity - C of I) တွေ ထုတ်ပေးနိုင်ဖို့ နှစ်နိုင်ငံအစိုးရချင်းစီစဉ်နေပြီလို့ ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက ဆိုပါတယ်။

“အထောက်အထားမဲ့ပေမယ့် နေရပ်လိပ်စာ စုံစမ်းသိရှိနိုင်တဲ့ မြန်မာနိုင်ငံသားတွေကို တစ်ကြိမ်တစ်ခါသုံး သက်သေခံလက်မှတ်အဖြစ် မြန်မာသံရုံးက ထုတ်ပေးလို့ရတယ်။ ဒါကို မလေးရှားနိုင်ငံရဲ့ လဝက ဥပဒေနဲ့ ဘယ်လိုညိစွန်းနေမလဲ။ သူတို့ဘက်ကလည်းဖြေလျော့ပေးနိုင်ဖို့ ကျွန်တော်တို့ မလေးရှားသံရုံးနဲ့ ညှိနှိုင်းထားပါတယ်။ ပြန်ခေါ်လို့ရပြီဆိုရင် ကျွန်တော်တို့ ဒီဘက်က ကွာရန်တင်းအခြေအနေတွေကြည့်ပြီး ဒီလကုန်ဒါမှမဟုတ် ဇူလိုင်လဆန်းပိုင်းလောက် ပြန်ခေါ်မှာပါ။ “ လို့ ဦးအောင်ကျော်ဇံက Duwun ကိုပြောပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံမှာ အခက်အခဲကြုံနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က မြန်မာသံရုံးကို ဆက်သွယ်အကြောင်းကြားနိုင်ဖို့ ညွှန်ကြားချက် ထုတ်ပြန်မယ်လို့လည်းသိရပါတယ်။

လက်ရှိမှာ ကိုဗစ်ဂယက်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားပြီး နေထိုင်စားသောက်ရေးအခက်အခဲကြုံနေရတဲ့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့ဟာ လူမှုရေးပြဿနာတွေအပြင် အထောက်အထားမဲ့လို့ နေရပ်ပြန်ခွင့်မရတဲ့ ပြဿနာတွေကြောင့် ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့ကြပြီး မေလကုန်ပိုင်းကနေ ဇွန်လ ၂၁ ရက်အထိ ဆိုရင် မြန်မာနိုင်ငံသား (၈) ဦး မိမိကိုယ်ကိုကိုယ် သတ်သေမှုဖြစ်ပွားခဲ့တယ်လို့ မလေးရှားနိုင်ငံ၊ ကပုန်းနာရေးကူညီမှုအသင်းက သိရပါတယ်။

“ မလေးရှားမှာ ကိုဗစ်ကြောင့် တရားမဝင်အလုပ်သမားတွေကို လုံးဝမခန့်တော့ဘူး။ အလုပ်မခန့်တော့ ထောင်နဲ့ချီတဲ့အလုပ်သမားတွေက အလုပ်လက်မဲ့ဖြစ်တယ်။ မိဘရပ်ထံကို ပြန်ချင်ကြတယ်။ စားရေးသောက်ရေးအပြင် နေထိုင်ခတွေကလည်း မဖြစ်မနေ ပေးရတော့မယ်။ မပေးနိုင်ရင် ရဲကို အကြောင်းကြားမယ် ။ အဖမ်းခံရမယ်။ ဒီလိုအခက်အခဲဖြစ်တော့ စိတ်ဖိစီးပြီး ကိုယ့်ကိုကိုယ်သတ်သေမှုတွေ များလာတာပါ” လို့ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ဦးစန်းဝင်းက ပြောပါတယ်။

လက်ရှိမှာ မလေးရှားနိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာကြတဲ့ မြန်မာနိုင်ငံသားပေါင်း ၄၀၀ နီးပါးခန့်ရှိနေပြီး လာမယ့် ဇွန်လ ၂၇ ရက်မှာလည်း မလေးရှားကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာမယ့် ၁၇၀ ကျော်ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

Share

Loading Next Article...
က္က