Case 788 နဲ့ထိတွေ့ခဲ့လို့ ဒီကနေ့အထိ ရောဂါကူးစက်ခံရသူ ၁၃ ဦးအထိရှိပါတယ်။
Minn Nandar

ဒီကနေ့ မြင်းခြံမြို့မှာ နောက်ထပ်တစ်ယောက်တွေ့ရတဲ့ ကိုဗစ်ပိုးတွေ့လူနာက မြင်းခြံပိုးတွေ့လူနာ Case 788 ရဲ့ကုမဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်အသိစိတ်ဓာတ်နဲ့ Quarantine ဝင်ထားရင်း ဓာတ်ခွဲအတည်ပြုချက် Positive ဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"လေးအိမ်တန်းကျေးရွာကပါ၊ Case 788 ရဲ့ကုမ္ပဏီဝန်ထမ်းလို့ပြောပါတယ်။ သူ့ကိုတော့ Case 788 နဲ့ထိတွေ့တယ်လို့ သူကိုယ်တိုင်သတင်းပေးတဲ့အတွက် Facility Quarantine ထားပေးထားတာပါ အဲဒီကနေမှ ဓာတ်ခွဲနမူနာယူတဲ့အခါမှာ သူ့ဆီမှာပိုးတွေ့ရတာပါ။ ပိုးတွေ့လူနာကို ခရိုင်ပြည်သူ့ဆေးရုံကြီးမှာပဲထားပါတယ်။ သူနဲ့ပတ်သက်တာတွေကတော့ လတ်တလောတော့ ၈ ယောက်ပဲရှိပါတယ် အဲဒီ ၈ ယောက်ကိုလည်း Quarantine ထားထားပါတယ်"လို့ မြင်းခြံမြို့နယ်ထွေအုပ်ရုံးကအုပ်ချုပ်ရေးမှူးဦးညီညီအောင်ကပြောပါတယ်။

ပိုးတွေ့လူနာဟာ အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့ကို လတ်တလောမှာတော့ သူ Quarantine ဝင်တဲ့နေရာကနေ မြင်းခြံခရိုင်ဆေးရုံကြီးဆီပို့ ဆောင်ထားပြီးဖြစ်ပါတယ်။ မြင်းခြံပိုးတွေ့လူနာ Case 788 နဲ့ထိတွေ့ခဲ့လို့ ဒီကနေ့အထိ ရောဂါကူးစက်ခံရသူ ၁၃ ဦးအထိရှိနေပြီး Quarantine ဝင်ထားရသူတွေမှာလည်းမြင်းခြံမြို့မှာတင် အယောက်နှစ်ရာပြည့်လုနီးပါး ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။

"လက်ရှိကတော့ အဓိက Quarantine ထားတဲ့နေရာတွေမှာ Contact Person တွေများများလာလို့ ဒီ Quarantine ထားတဲ့နေရာတွေနိုင်အောင်လုပ်နေရပါတယ်၊ နောက်တစ်ခုက ပိုးတွေ့လူနာတွေကို ကျွန်တော်တို့က မြင်းခြံခရိုင်ဆေးရုံကြီးမှာထားပါတယ်၊ အခုထိတော့ Contact Person နည်းနည်းထပ်တိုးထားတော့ ၁၈၀ လောက်ရှိမယ်ထင်ပါတယ်" လို့ မြင်းခြံမြို့က အမျိုးသားလွှတ်တော်အမတ်ဦးအောင်မျိုးလတ်ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က