အင်းစိန်မြို့နယ်သာ Stay at Home အစီအစဉ်ကနေ ကျန်ရှိနေပါတယ်။
Mi Thawdar Aung

ရန်ကုန်တိုင်းအတွင်း ရောဂါထိန်းချုပ်မှု တိုးတက်လာတာကြောင့် မရမ်းကုန်းမြို့နယ်ကို ဇွန်လ ၁၅ ရက် မနက် ၄ နာရီကစတင်ပြီး Stay at Home (အိမ်မှာနေထိုင်ခြင်း) အစီအစဉ်ကနေ ဖျက်သိမ်းလိုက်ပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဒါကြောင့် မရမ်းကုန်းမြို့နယ်အတွင်းက ပါဆယ်စနစ်နဲ့ ရောင်းချတဲ့ဆိုင်တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီ စားသောက်ဆိုင်တွေကို ပြန်လည်ရောင်းချခွင့်ပေးမှာဖြစ်ပြီး ပြင်ပကယာဉ်တွေ ဝင်ထွက်ခွင့်ပိတ်ထားတာ၊ လမ်းတွေ ပိတ်ထားတွေကိုလည်း စတင်ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးချစ်က Duwun ကိုပြောပါတယ်။

“Stay at Home အစီအစဉ်ကနေ ပယ်ဖျက်ဖို့ ပြည်သူကလည်း တအားမျှော်လင့်နေကြတယ်။ အင်းစိန်၊ မရမ်းကုန်းကနေ ခရီးသွားရင် တိုင်းနဲ့ ပြည်နယ်တွေက ကွာရန်တင်းဝင်ခိုင်းတော့ တော်တော်အခက်အခဲဖြစ်တယ်။ အဲဒီပြဿနာလေးတစ်ခုတော့ လျော့သွားတာပေါ့။ ဒါပေမယ့် မြို့နယ်အတွက် ဒေသန္တရအမိန့်ကတော့ ဇွန်လ ၃၀ ရက်အထိ ထပ်ရှိတယ်။ ဝန်ကြီးဌာနလမ်းညွှန်ချက်နဲ့အညီMask မဖြစ်မနေတပ်ရတာတို့၊ ပြည်ပက ဝင်လာသူတွေက ကွာရန်တင်းဝင်ရမှာတို့ ဒါတွေကတော့ ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ ဦးထူးချစ်က ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာတော့ Stay at Home အစီအစဉ်ချထားတဲ့ မြို့နယ်ဟာ ရန်ကုန်တိုင်းအင်းစိန်မြို့နယ်တစ်ခုတည်းသာကျန်ရှိတော့မှာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက COVID-19 ကာကွယ်ထိန်းချုပ်ရေးတွေ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်အောင်ဆိုပြီး ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၁၀ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ကလေးမြို့နယ် စုစုပေါင်း မြို့နယ်ပေါင်း (၁၁) ခုကို Stay at Home အစီအစဉ်တွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ၁၁ မြို့နယ်ထဲက ၉ မြို့နယ်ကိုတော့ COVID-19 ကာကွယ်ထိန်းချုပ်မှု အခြေအနေတိုးတက်လာတာကိုတွေ့ရတာကြောင့် ပြီးခဲ့တဲ့ မေလ ၁၄ ရက်နဲ့ မေလ ၂၅ ရက်တို့မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အမိန့်နဲ့ Stay at Home အစီအစဉ်ကနေ ဖျက်သိမ်းခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ Stay at Home အစီအစဉ်ကနေ ဖြေလျှော့ပေးလိုက်တဲ့ မြို့နယ်တွေကတော့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ဗိုလ်တစ်ထောင်၊ ပန်းဘဲတန်း၊ တာမွေ၊ ရွှေပြည်သာ၊လှိုင်သာယာ၊ တောင်ဥက္ကလာ၊ ဗဟန်း၊ မင်္ဂလာဒုံ နဲ့ စစ်ကိုင်းတိုင်းက ကလေးမြို့နယ်တို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က