သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ အစိုးရအရာရှိတစ်ဦးမှာ ပိုးတွေ့ခဲ့ပြီး ဆက်စပ်ထိတွေ့သူတွေကို စစ်ဆေးရာမှာ သတင်းထောက်တစ်ဦးမှာ ပိုးတွေ့ခဲ့တာပါ။

စက်တင်ဘာ(၄)ရက်နေ့က နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ နေပြည်တော်အခြေစိုက် သတင်းထောက်အယောက်(၄၀)ခန့်ကို ဓာတ်ခွဲနမူနာစစ်ဆေးရာ သတင်းထောက်တစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ရတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

“ မီဒီယာသမားထဲက တစ်ဦးပိုးတွေ့လို့ကျွန်တော်တို့ ဆေးရုံတင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင်၁၀၀၀ ကိုတင်မှာပါ။ Swab ယူရတာကတော့ နေပြည်တော်မှာယူရတာပါ။ ယူပြီးတော့ကျွန်တော်တို့ရန်ကုန်အမျိုးသား ဓာတ်ခွဲကျန်းမာရေးဌာနကို ပို့ရပါတယ်။ အဲဒီကနေ အဖြေရလာတဲ့အထိ စောင့်ပြီး အဖြေလာမှ ကျွန်တော်တို့ ဆောင်ရွက်ပါတယ်” လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။



ဓာတ်ပုံ- ကိုလတ် (စက်တင်ဘာ ၄ ရက်ကပြုလုပ်တဲ့နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲ)

ပြီးခဲ့တဲ့စက်တင်ဘာ(၉) ရက်က နေပြည်တော် သမ္မတအိမ်တော်က အစိုးရအရာရှိကြီးတစ်ဦးမှာ ပိုးတွေ့ခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာဟာ စက်တင်ဘာ (၄) ရက်က ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် ပိုးတွေ့ထားတဲ့ အစိုးရအရာကြီးနဲ့ ဆက်စပ်ထိတွေ့သူ ဝန်ထမ်းအယောက် (၄၀) ကျော်နဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ သတင်းထောက် (၃၉) ယောက်အပါအဝင် လူ (၁၀၀)ခန့်ကို ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ ဒီကနေ့မနက်ထုတ်ပြန်ချက်အရ သတင်းထောက်တစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ရတယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဒု-ဦးစီးမှူး ဒေါက်တာမျိုးစုကြည်ကလည်း Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ ပိုးတွေ့ထားသူကိုတော့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ ပို့ဆောင်ကုသထားပြီး ကျန်ရှိတဲ့ အစိုးရဝန်ထမ်းတွေကိုတော့ ဟိုတယ်ကွာရန်တင်း၊ သတင်းထောက်တွေကို နေအိမ်မှာပဲနေထိုင်ဖို့ ညွန်ကြားထားက ဒုတိယအကြိမ် ဆေးစစ်ဖို့ လုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က