လွန်ခဲ့တဲ့ တစ်နှစ်ကထိ မန္တလေးက ကျောင်းတစ်ကျောင်းမှာ စာသင်ခဲ့တဲ့ ဆရာလို့ သိရပါတယ်။
Thin Nu Swe

ဧပြီလ ၂၉ ရက်နေ့က သေဆုံးသွားခဲ့တဲ့ နိုင်ငံခြားသားဟာ အသက်( ၅၅)နှစ်အရွယ် အင်္ဂလန်နိုင်ငံသား Mr Jake Harvey လို့ အမည်ရပြီး မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ အကွက်(၈၂၃)၊ ၃၈x၃၉လမ်းကြား၊ ၆၀x၆၁လမ်းကြား ရတနာတိုင်းပြည်အိမ်ယာဝင်းအတွင်း နေထိုင်သူ ဖြစ်ကာ အရက်အလွန်အကျွံသောက်လေ့ရှိသူဖြစ်ကြောင်း အမှတ်(၉)မြို့မရဲစခန်းက တစ်ဆင့်သိရပါတယ်။

ဧပြီလ ၂၉ ရက်နေ့ နေ့လည် ၂နာရီအချိန်ခန့်က မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ အကွက်(၈၂၃)၊ ၃၈x၃၉လမ်းကြား၊ ၆၀x၆၁လမ်းကြား ရတနာတိုင်းပြည်အိမ်ယာဝင်းအတွင်း နိုင်ငံခြားသားတစ်ဦး သေဆုံးနေကြောင်းသတင်းရခဲ့တဲ့အတွက် မဟာအောင်မြေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့်အဖွဲ့၊ အမှတ်(၉)မြို့မရဲစခန်း စခန်းမှူးဒုရဲမှူးမျိုးလွင်တို့အဖွဲ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

ဓာတ်ပုံ-ကိုကျော်ဌေးဦး

ရတနာတိုင်းပြည်အိမ်ယာ၊ တိုက်ခန်းအမှတ် A-14၊မြေညီထပ်အတွင်း အခန်းတံခါးပိတ် သေဆုံးနေကြောင်းကိုစတင်တွေ့ရှိသူကတော့ တောင်အာဖရိကနိုင်ငံသားဖြစ်ပြီး အသက် (၆၅) နှစ်အရွယ် Mr Rolandပဲ ဖြစ်ပါတယ်။ Mr Rolandဟာ သေဆုံးသူထံ ဧပြီလ ၂၆ရက်နေ့ကတည်းက ဖုန်းအဆက်အသွယ်မရခဲ့တာကြောင့် သေဆုံးသူနေထိုင်ရာ တိုက်ခန်းကို လာရောက်ကြည့်ရှုခဲ့ချိန်မှာ အခန်းတွင်း အပုပ်နံ့တွေ ရရှိခဲ့ပြီး အခန်းတံခါးသော့ခတ်ထားတဲ့အတွက် ပြတင်းပေါက်ကတစ်ဆင့် ကြည့်ရှုခဲ့ရာမှာတော့ သေဆုံးနေတာကိုတွေ့ရှိခဲ့ရတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

သေဆုံးသူဟာ Mandalay International Science Academy က ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း သတင်းထွက်နေပေမယ့်လည်း Mandalay International Science Academyရဲ့ ကျောင်းဆရာမဟုတ်ဘူးလို့ သိရပါတယ်။

"သူက ကျောင်းဆရာဆိုတာတော့ ဟုတ်ပါတယ်။ ဘယ်ကျောင်းကလဲဆိုတာတော့ ကျွန်တော်နဲ့ တိုက်ရိုက်မဆိုင်တော့ မပြောလိုဘူး။ တခြားကျောင်းတချို့မှာ စာသင်ပါတယ်။ မနှစ်ကထိတော့ တခြားကျောင်းတွေမှာ စာသင်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ကျန်းမာရေးကြောင့်ရော ၊ ဘာကြောင့်ရော နားနေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ Mandalay International Science Academy ကျောင်းက လုံးဝမဟုတ်ပါဘူး။" လို့ Mandalay International Science Academyရဲ့ Program Leader ကို ကျော်မိုးအောင်က Duwun ကို ပြောပါတယ်။

သေဆုံးသူကို စိန့်ဂျွန်းလူမှုကူညီရေးအသင်းမော်တော်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

သေဆုံးရတဲ့ အကြောင်းအရင်းကို မန္တလေးတိုင်းဒေသကြီး အမှတ်(၉) ရဲစခန်းသို့ Duwun က ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း မသိရှိရသေးဘူးလို့ ဆိုပါတယ်။


Author


က္က