ကြေးရုပ်ဆောက်လုပ်ဖို့ အများပြည်သူလှူဒါန်းငွေနဲ့ ဆောင်ရွက်နေပါတယ်။
Mi Thawdar Aung

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေပေမယ့် ဗိုလ်ချုပ်ရဲ့ဥပဓိရုပ်ထက် ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်ကိုအဓိကရည်ရွယ်တာဖြစ်သလို ဥပဓိရုပ်ကိုလည်း အတတ်နိုင်ဆုံးဗိုလ်ချုပ်နှင့်တူနိုင်အောင် သေချာဆောင်ရွက်နေတယ်လို့  နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ပြောပါတယ်။

Photo - ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့် နေပြည်တော် သပြေကုန်းအဝိုင်း

တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေအနက် အကြီးဆုံးနဲ့တန်ဖိုးအများဆုံး ဗိုလ်ချုပ်မြင်းစီးကြေးသွန်းရုပ်တုကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ နေပြည်တော်မှာ ထားရှိဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့တော်တစ်ခုဖြစ်ပြီး နိုင်ငံတကာသံတမန်တွေ အများဆုံးလာရောက်ကြတဲ့ နေပြည်တော်မှာ နိုင်ငံရဲ့ အကြီးအကဲ လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူရုပ်တုကို ထားရှိရတာဖြစ်ပြီး လက်ရှိမှာ ရုပ်တုကြေးသွန်းလောင်းမှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူကပြောပါတယ်။

" ဒီကြေးသွန်းလောင်းမှုရဲ့ တစ်ဝက်ကုန်ကျစရိတ်ကို မြန်မာနိုင်ငံကန်ထရိုက်တာများအသင်းကနေ ငွေကျပ်သိန်း ၁၂၅၀ လှူဒါန်းမယ်လို့  ကတိပြုထားတယ်။ အခုက ငွေကျပ်သိန်း ၈၅၀ လောက်ရထားတယ်။ နောက်ထပ်သိန်း ၅၀ ထပ်လှူမယ်လို့သိရပါတယ်။ ဒီနေ့အရဆိုရင် ငွေကျပ်သိန်း ၁၀၀၀ ကျော်လောက်ထိရပြီ။ ဒီဖက်မှာ ကြေးသွန်းလောင်းနေသလို ကြေးရုပ်ထားဖို့အတွက် အောက်ခံခုံကိုလည်း တစ်ခါတည်း ဆောင်ရွက်သွားမှာပါ" လို့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူကပြောပါတယ်။

Photo- ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်

ဗိုလ်ချုပ်ကြေးရုပ်သွန်းလောင်းမှုအတွက် အများပြည်သူထည့်ဝင်ငွေတွေနဲ့ ဆောင်ရွက်နေပြီး ၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ ရုပ်တုဥပဒေနှင့်အညီ အဆင့်ဆင့်တင်ပြကာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ရဲ့ ခွင့်ပြုချက်ဖြင့်တည်ဆောက် နေခြင်းဖြစ်တယ်လို့လည်းဦးမင်းသူကပြောပါတယ်။

အခုသွန်းလောင်းနေတဲ့ ဗိုလ်ချုပ်ကြေးရုပ်က ကြေးတန်ချိန် ၇ တန်ရှိပြီး ကြေးရုပ်တုအမြင့်ပေ ၁၈ ပေ၊ ကြေးရုပ်ထားရှိမယ့် အောက်ခံခုံမှာ ၁၅ ပေ x ၂၆ ပေ ရှိပြီး  နေပြည်တော်ရှိ သပြေကုန်းအဝိုင်းမှာ ထားရှိသွားမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် နေရာမှာ နိုင်ငံတော်အဆင့် အာဇာနည်အခမ်းအနားများကျင်းပမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

အောက်တိုဘာ ၇ ရက်က ပြုလုပ်ခဲ့တဲ့ နေပြည်တော် ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ရေး ဦးစီးကော်မတီ ဆပ်ကော်မတီများမြို့မိမြို့ဖများနဲ့အလှူရှင်တွေကိုဗိုလ်ချုပ်မြင်းစီးရုပ်တုတည်ဆောက်ရေးအခြေအနေရှင်းလင်းတင်ပြခြင်းအခမ်းအနားမှာ ဦးမင်းသူက မီဒီယာတွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။


က္က